ငါ့သရောက်၊ အောက်တိုဘာ-၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့၌ ယခုနှစ် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များပြားသဖြင့် မြနန္ဒာ ကန်တော်ကြီးတွင် ရေအပြည့်ဝင်ရောက်ခဲ့ရာ၊ အနီးဝန်းကျင် ဒေသခံပြည်သူများအတွက် မိုးလွန်ကာလများအ ထိ သောက်သုံးရေ လုံလောက်စွာ သုံးစွဲ နိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် မြေသားမိုးရေလှောင်ကန်ဖြစ်သည့် မြနန္ဒာကန်တော်ကြီးရေကို အမှီပြု၍ သောက်သုံးနေသည့် ရပ်ကွက်(၄)ရပ်ကွက်ရှိပြီး၊ ယခုလို မိုးရွာသွန်းမှုများပြားပြီး ရေဝင်ကောင်းသည့် နှစ်များတွင်သာ ၎င်းတို့အတွက် သောက်သုံးရေ လုံလောက်စွာရရှိကြကြောင်းသိရပြီး၊ မိုးရေအဝင်နည်းသည့်နှစ်များတွင် သောက်သုံးရေအတွက် အလွန်ခက်ခဲပြီး ဈေးကြီး ပေးဝယ်ယူသုံးစွဲရလေ့ရှိကြောင်းနှင့် အဆိုပါ ကန်ရေကို အမှီပြု၍ သောက်သုံးရေသာမက၊ စိုက်ပျိုးရေကို ပါသုံးစွဲကြခြင်းဖြစ် ကြောင်းသိရသည်။ ငါ့သရောက်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ယခုနှစ်မိုးရွာသွန်းမှုကောင်းသဖြင့် မြေသားမိုးရေ လှောင်ကန် အားလုံး ရေအပြည့် ဝင်ရောက်လျှက်ရှိပြီး ဒေသခံပြည်သူများ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် မိုးလွန်ကာ လများအထိ လုံလောက်စွာ သုံးစွဲနိုင်မည့်အခြေအနေရှိကြောင်း ဒေသခံတစ်ဦး ကပြောသည်။
ဖြိုးဝေအောင် (ငါ့သရောက်)