မိုင်းဖြတ်မြို့နယ်၌  အသက်(၁၈)အထက် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေး

မိုင်းဖြတ်  အောက်တိုဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည့် အခြေအနေများ၊ ထိုးနှံရန်ကျန်ရှိသူများ ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ သတ်မှတ်ရက်များအလိုက် ထိုးနှံပေးမည့် အစီအစဉ်များ၊ကာကွယ် ဆေးထိုး နှံရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအနေဖြင့် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းတွင် ပါဝင်လာရေးအတွက် အသိပေးနှိုးဆော်မှုများကို ရပ်ကွက်/ကျေးရွာများ၌  အသံချဲ့စက်များဖြင့် အသိပေးနိုးဆော်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအတွင်းရှိ ဆေးထိုးစုရပ် (၁၅)နေရာ တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး  ကာကွယ်ဆေး (၂၄၀)လုံးရရှိထားသောကြောင့် ဆေးတစ်လုံးလျှင် (၅)ဦး နှုန်းဖြင့် (၁၂၀၀) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး