ကျောက်ပန်းတောင်း အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျှက်၊ ယနေ့ မွန်းလွဲ(၁)နာရီက ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိလာရာ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့ဦးအောင်စေတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး စကားဝါဗိမ္မာန်တော်တွင် မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများနှင့်တွေ့ဆုံ ဩဝါဒခံယူ၍ သင်္ကန်းအစရှိသည့် လှူဘွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြ သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကြပြီး ညောင်ဦးခရိုင် စီမံချုပ်ရေးအဖွဲ့၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ က တစ်ဦးချင်း မိတ်ဆက်ကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက် များကို တင်ပြဆွေးနွေးရာ တင်ပြဆွေးနွေးချက်များအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုက နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအပြည့်အဝ ထိုးနှံကြစေရေးနှင့်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင်ကြရေး ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးများက တင်ပြချက်များအပေါ် ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးကြသည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက် ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် နယ်စပ်ရေးနှင့်လုံခြုံရေးဝန်ကြီး၊ လူမှုရေး ဝန်ကြီးတို့က ပေးအပ်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကိုယ်စား လက်ခံရယူကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေး ဆောင်ရွက်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့သည့် အားကစားပစ္စည်းများကို လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ထောက်ပံ့ပေးအပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦတင်မောင်ဝင်းက လက်ခံရယူသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေတို့ကိုပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လက်ခံရယူ ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသည့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရင်းရင်းနှီးနှီးနုတ်ဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်တော်သာရပ်ကွက်ရှိ အုတ်သျှစ်ကုန်းစာသင်တိုက်သို့ ရောက်ရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ဘုန်းတော် ကြီးသင် ပညာရေးကျောင်း (၁)ကျောင်းလျှင် အလှူငွေကျပ်(၃)သိန်းစီဖြင့် ငွေကျပ်(၂၁)သိန်းအား ဆရာတော်ကြီးများ ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)