ကျောက်ဖြူ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့၊ မွန်းတည့် ၁၂ နာရီအချိန်က နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရာတွင် စာရင်းဇယားများမှန်ကန်စွာ ဖြည့်သွင်းတတ်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချ ပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်နိုင်ဝင်းနှင့် အငယ်တန်းစာရေး ဦးညီသိန်းထွန်းတို့က ကွန်ပျူတာအသုံးပြု၍ Excel မှတဆင့် ကျောင်းသား/ကျောင်း သူများ၏ အမည်၊ အဘအမည်၊ ကျောင်း အမည်၊ နေရပ်နှင့် ဆက်သွယ်ရန်ဖုန်းနံပတ်များ ရေးသွင်းနည်းကို Power Point ဖြင့် ရှင်းလင်းသင်ကြားလျက်ရှိသည်။ ၎င်းသင်းတန်းသို့ တက်ရောက် လာကြသော ဆရာ/ ဆရာမများက မိမိတို့ရေးသွင်းရမည့် Software Excel ဖိုင်၏ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းသင်တန်းသို့ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်း ၁၅၈ ကျောင်းမှ ကွန်ပျူတာ သင်ကြား ရေး ဆရာ/ဆရာမများနှင့် ကွန်ပျူတာကျွမ်းကျင် ဆရာ/ဆရာမ ၅၈ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ရက်တိုတစ်ရက်သင်တန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး