သံတွဲမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်အတွက် သံတွဲမြို့နယ် ပညာရေးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း

သံတွဲမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် သံတွဲမြို့နယ် ပညာရေးမှူး  နှင့်ယခုလို တွေ့ဆုံမေးမြန်းထားပါတယ်ခင်ဗျာ-

 

မေး။   ဆရာမကြီးရဲ့အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကိုသိပါရစေ-

ဖြေ။    ကျွန်မအမည်က ဒေါ်သိန်းတင် ဖြစ်ပါတယ်။ သံတွဲမြို့နယ်ပညာရေးမှူးတာဝန်ကို ထမ်းဆောင် နေပါတယ်။

မေး။   ဆရာမကြီးတို့ရဲ့ သံတွဲမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်း တွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့  အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ကြိုတင် ဆောင်ရွက်ထားရှိတဲ့ အခြေအနေကိုသိပါရစေ-

ဖြေ။ အစီအစဉ်နဲ့  အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း၊အထက်တန်း ကျောင်းသား / သူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးဖို့စီစဉ်နေတယ် လို့သိလိုက်တာနဲ့ ကျွန်မအနေနဲ့ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးတွေဆီကတစ်ဆင့် ကျောင်းသား/ကျောင်းသူ တွေရဲ့ နာမည်စာရင်းကိုကောက် ယူရပါတယ် ၊ အသက် (၁၂)နှစ်ပြည့် ကလေးတွေရဲ့ နာမည်စာရင်းနဲ့အတူ ကျွန်မတို့ ဆေးထိုးဖို့စုရပ်တွေကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နဲ့ညှိနှိုင်း ဆောင်ရွက်ရပါတယ်၊ ပြီးတော့ ဆေးထိုးမဲ့စုရပ်တွေမှာ တာဝန်ပေးမဲ့ ဆရာ/ဆရာမတွေကို တာဝန်ခွဲဝေပေးဖို့ စီစဉ် ဆောင်ရွက်ထားရပါတယ်။

မေး။   ဆရာမကြီးတို့ရဲ့သံတွဲမြို့နယ်မှာ အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ ကျောင်းသူဘယ်လောက်ရှိပါသလဲ-

ဖြေ။    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသားက ( ၄၂၃၆)ဦး၊ ကျောင်းသူ (၄၃၄၃)ဦး စုစုပေါင်း (၈၅၇၉)ဦး အကျုံဝင်ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးထိုးရမဲ့စုရပ်တွေ သတ်မှတ်ထားပြီးပြီလား ဆရာမကြီးခင်ဗျား-

ဖြေ။    ဟုတ်ကဲ့သတ်မှတ်ထားပြီပါပြီး၊ သံတွဲမြို့နယ်မှာဆေးထိုးရမဲ့စုရပ် (၁၁)ခုသတ်မှတ်ထားပါတယ်။

မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသား/သူတွေကို သတ်မှတ်နေရာ တွေမှာ လာရောက်ထိုးနှံဖို့ အသိပေးထားမှုတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲခင်ဗျာ-

ဖြေ။  ကျွန်မတို့က ကျောင်းအုပ်ကြီးတွေကို မြို့နယ်ပညာရေးမှူးရုံးကိုခေါ်လိုက်ပြီးတော့ ဆေးထိုးမဲ့စုရပ် (၁၁)ခု ခွဲဝေထားတဲ့အကြောင်း ၊ ဘယ်ကျောင်း၊ ဘယ်ကျောင်းတွေပါဝင်တဲ့အကြောင်း ၊ အဲဒီကျောင်းအုပ်ကြီးတွေကတဆင့် သူတို့စုရပ်မှာပါဝင်တဲ့ ကျောင်းအသီးသီးမှာ သူတို့ရဲ့ကလေး တွေကို အသိပေးမှာကြားထားပါတယ်။

မေး။   မကြာခင် အခြေခံကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်ဖို့ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်း သိပါရစေ-

ဖြေ။ ဟုတ်ကဲ့ပါ ကျွန်မတို့ပညာရေးဌာနက အခြေခံပညာက ပညာရေးဌာနရဲ့ လမ်းညွှန်ချက်အရ ကျောင်းဖွင့်တော့ မယ်လို့ညွှန်ကြားချက်ရောက်တာနဲ့ ကျောင်းဖွင့် ဖို့အသင့်ထားရှိပါတယ်။ ဒီကိုဗစ် -၁၉ ကာကွယ်ရေး  Social Distancing ပုံစံနဲ့ ကျောင်းတွေဖွင့်ဖို့ ကြိုတင်ဆောင် ရွက်ထားပြီးသား ဖြစ်ပါတယ်။

မေး။ အသက်(၁၂)အထက် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်တဲ့ ဌာန ၊အဖွဲ့အစည်း တွေကိုလည်း သိပါရစေ-

ဖြေ။    ကျွန်မတို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန ၊ ပြန်/ဆက်ဦးစီးဌာန၊ စည်ပင် ၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဌာန၊ လူမှုဖူလုံရေး၊နှင့် ပရဟိတအဖွဲ့တွေပါ ပါတယ်ရှင်။

မေး။   အသက်(၁၂)အထက်ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံနိုင်မှုအပေါ် ဆရာမကြီးရဲ့  ပီတိစကားလေးကိုလည်း သိချင်ပါတယ်ခင်ဗျာ-

ဖြေ။ အသက်(၁၂)နှစ်အထက် အခြေခ့ပညာအလယ်တန်း ၊ အထက်တန်း ကျောင်းသား /သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှ့ပေးလိုက်တဲ့အချိန်မှာ ကျောင်းသား မိဘတွေဟာ ငါတို့ရဲ့သားသမီးတွေ ကိုဗစ်-၁၉ ရောဂါဒဏ်ကိုခံနိုင်ပြီ ကိုဗစ်ကို တိုက်ခိုက်လို့ရပြီဆိုပြီး ကျောင်းသားမိဘတွေရဲ့အသိမှာ ပီတိတွေဖြာပြီး ငါတို့ရဲ့ကလေးတွေ ပညာသင်ယူခွင့်ရပြီဆိုပြီး ပီတိတွေဖြစ်သလို ကျွန်မ အနေနဲ့၊ ကျောင်းသား/သူတွေအတွက်ရော ၊ ကျောင်းသား မိဘတွေအတွက်ရော ကျွန်မပီတိဖြစ်မိပါတယ်။

မေး။   ဆရာမကြီးအနေနဲ့ အခြားဖြည့်စွက်ပြောကြားစရာရှိရင်လဲ ပြောကြား ပေးစေချင် ပါတယ်ခင်ဗျာ-

ဖြေ။    ကျွန်မတို့သံတွဲမြို့မှာ ဒီကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက် (၁၂)နှစ်အထက် ကျောင်းသား /သူများကို  ၂၀၂၁-ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့မှစတင် ထိုးနှံပေးမည် ဖြစ်ပါတယ် ။  အခုလို ဆေးထိုးနှံဖို့စီစဉ်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ် ၊ ကျွန်မတို့ရဲ့ကလေးတွေဟာ ကိုဗစ် -၁၉ ပထမလှိုင်း ၊ ဒုတိယလှိုင်း များကြောင့် ကျောင်းတွေနားထားခဲ့ရပါတယ် ၊ အခုလိုဆေးထိုးကြမယ့်အတွက် ကလေးတွေဟာ လွတ်လွတ် လပ်လပ် ပညာသင်ကြား ခွင့်ရရှိမှာ ဖြစ်ပါတယ်၊ ကျောင်းသားမိဘတွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် အားပေးဖို့လိုပါတဘ် ၊ ဒီဆေးထိုးနှံမဲ့အချိန်မှာ ဝိုင်းဝန်းကူညီပေးကြမယ့်  သက်ဆိုင်ရာ ဆရာကြီး , ဆရာမကြီးများ ၊ ကျွန်မတို့မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများအားလုံး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများအားလုံး ၊ အခြားဝိုင်းဝန်းကူညီပေးကြတဲ့ ့ဌာနဆိုင်ရာ  ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်ရှင် ။

 တွေ့ဆုံမေးမြန်းသူ - ဦးမြင့်ရွှေ ( လက်ထောက်ညွှန်ကြားရေးမှူး ၊ တာဝန်ပေး)

 ရိုက်ကူးသူ         - သန့်ဇင် (ဓါတ်ပုံကျွမ်းကျင်-၂ )