ကျိုက်မရော အောက်တိုဘာ ၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက်ရုံ ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ်ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်ဆီဂျင်များကို မြို့နယ်များ ရှိ အောက်ဆီဂျင်စက်ရုံများမှ ထုတ်လုပ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုလိုကျိုက်မရော အောက်ဆီဂျင်စက်ရုံကို အချိန်တိုအတွင်း တည်ဆောက် နိုင်မှုတွင် ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းမှုတို့ကြောင့်အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီးဖြစ်ကြောင်း၊ စက်ရုံကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း မှာကြားသည်၊၊
ဆက်လက်ပြီး တိုင်းမှူး က အောက်ဆီဂျင်စက်ရုံသို့ ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးဌာန၀န်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက လက်ခံရယူပြီး ပြည်နယ်၀န်ကြီးချုပ်က အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။ ထို့နောက်အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များပက်ဖျန်းပေးကြပြီး အောက်ဆီဂျင်ထုတ်လုပ်မှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၁၀ နှင့် အလှူရှင်များ ထည့်ဝင်လှူဒါန်းမှုအပါအဝင် စုစုပေါင်း ၁၃၁ဒသမ၅ သန်းဖြင့် ကျိုက်မရောမြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Oxygen Generator 30 Nm³/hr ဖြစ်ပြီး တစ်နေ့လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံး ၆၀ ခန့် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကာ ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့် အောက်စီဂျင်များကို ဖြည့်ဆည်း ပေးမည်ဖြစ်သည်။
ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်မရောမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင် ဆောင်ရွက်လျက်ရှိရာ စီမံချက်ကို စုဖွဲ့မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်စွာဖြင့် စေတနာအရင်းခံပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်း ပါဝင် ဆောင်ရွက်မှသာ အောင်မြင်မည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေး သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်၀ယ်အရောက် ထုတ်ပေးမည့် စီမံချက်ဖြစ်ကြောင်း ပြောကြားသည်။
ကျိုက်မရောမြို့နယ်တွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စုတို့အတွက် အိမ်ထောင်စု လူဦးရေစာရင်း ၇၃ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၁၂၆၈ ခုတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဒေသခံပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)