တပ်ကုန်း အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများ မကျန်ထိုးနှံပေး လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရသော်လည်း ကျန်းမာရေးပြန်လည်ကောင်းမွန် လာသူ၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။
ဒေါ်ခင်ခင်နု (တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်၌ နေထိုင်သူ)
“ကျွန်မ ကိုဗစ် ဘယ်လိုစဖြစ်လဲဆိုတော့ (၂)ရက်လောက် ဖျားပါတယ်၊ ဖျားတော့အပြင် ဆေးခန်းပြပါတယ်၊ အဲ့ဆေးခန်းမှာ အောက်ဆီဂျင်ကျနေတယ်လို့ ဆရာဝန်က ပြောပါတယ်၊ ဒါနဲ့ တပ်ကုန်းခုတင်(၁၀၀)ပြည်သူ့ဆေးရုံ တက်ရောက် ဆေးစစ်ကုသ ပါတယ်၊ ဆေးစစ်တော့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ခဲ့ပါတယ်၊ ဆေးရုံမှာလည်း အောက်ဆီဂျင်ကျနေတော့ အောက်ဆီဂျင်ရှု ရပါတယ် ၊ ဆရာ/ဆရာမတွေရဲ့ ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ခဲ့ပါတယ်၊ ရောဂါလဏ္ခာ တွေကတော့ မောတယ်၊ အနံ့လည်း ပျောက်တယ်၊ အသက်ရှုကြပ်ချင်သလိုဖြစ်ပါတယ်၊ ဘာမှ မစားချင်တာတွေ လည်းဖြစ်ခဲ့ပါတယ်၊ အားအင်တွေကုန်ခမ်းသလိုနဲ့ အိပ်ပဲအိပ်ချင်နေတာ ဖြစ်ခဲ့ပါတယ်၊ ကိုယ့်ကိုကိုယ် အားတင်းပြီး ကိုယ်ခံအားတွေ ကောင်းလာအောင် အစားများများ စားရပါတယ်၊ အိပ်ရေး ဝဝအိပ်ရပါတယ်၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံမှာ (၆)ရက် ဆေးရုံတက်ပြီး နောက် ကျန်းမာရေး ကောင်းမွန်လာတော့ ဘုရင့်နောင်ရပ်ကွက်၊ဓမ္မရိပ်သာ Quarantine Center ကို ပြောင်းရွှေ့နေရ ပါတယ်၊ ဓမ္မရိပ်သာမှာ (၅)ရက်ပြည့်မြောက်တဲ့ အခါမှာတော့ ဆင်းခွင့်ရရှိပါတယ်၊ အဲနောက် အိမ်မှာတော့ တစ်ပတ်အနားယူပါတယ်၊၊ ဒီရောဂါက ဘယ်ကနေ ဘယ်လို ကူးစက်မှန်းမသိလို့ ပြည်သူများ အိမ်အပြင်ထွက်သွားလာမယ်ဆိုရင် နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့နှင့်ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်များသိရှိပြီး၊ လိုက်နာနေထိုင် စေချင်ပါတယ်၊ ပြည်သူအားလုံးလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး သွားထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်” ရှင် အားလုံးကို ကျေးဇူးတင်ပါသည်။
တင်စိုးလွင်