တန့်ယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ဖာ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်နေမှုကို လားရှိုခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၆ ရက် မွန်းလွဲညနေပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
လားရှိးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းသည် တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည်များကို ရှင်းလင်း၍ ရုံးအတွင်း လှည့်လည် ကြည့်ရှုပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် နောင်ဖာ ကျေးရွာအုပ်စုသို့ သွားရောက်ကာ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ သည်။
အဆိုပါ နောင်ဖါကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့် (၁၆)နှစ်ကြား (၅၉)ဦး၊ အသက်(၁၆)နှစ်နှင့် (၁၈) နှစ်ကြား (၃၃)ဦး၊ နိုင်-၆(က) ပြုလုပ်သူ(၁၄၀)ဦး၊ နိုင်-၃(က)မှ နိုင်-၆(က) လဲလှယ် သူ (၂၂)ဦး၊ နိုင်-၆(က)မိတ္တူ (၂၀)ဦး စုစုပေါင်း (၂၇၄)ဦး၊ အိမ်ထောင်စုလူဦးရေးစာရင်း (၉၂)စောင်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)