ဇေယျာသီရိ အောက်တိုဘာ ၇
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်း ရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထား ပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက် တပ်ဆင်ပါ၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀) ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)