တကောင်း အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုများ လျှော့ပါးသက်သာစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နေ့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရှိရပ်ကွက်များသို့ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ လာရောက်ထိုးနှံကြရန်၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ဒေသခံ ပြည်သူများအနေဖြင့် သက်မှတ်ထားသည့် စုရပ်များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်၊ မိမိအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် ပါဝင်သေးသည့် အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်သွားကြရန်၊ နေအိမ်မှ ပြင်ပသို့ ထွက်လျှင် ပါးစပ်/ နှားခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုကြပါရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို သွေးတိုး၊ နှလုံးရောဂါခံ ရှိသူများ ရောဂါ ကူးစက်ခံရပါ က ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန က အချိန်နှင့်တပြေးညီထုတ် ပြန် ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများက ဝိုင်းဝန် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)