ရပ်စောက်မြို့၌ ဆေးထိုးစုရပ် ငါးနေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရပ်စောက် အောက်တိုဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ အသက် ၅၅နှစ်နှင့် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူ (၅၀၀၀) ဦးအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် ငါးနေရာတွင် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇော်ဂျီရပ်ကွက်၊ ရဿဝတီခန်းမတွင် မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်ရှိ ပြည်သူများအား ထိုးနှံပေးလျက်ရှိပြီး ကြာအင်းကျေးရွာမူလွန်ကျောင်း၊ ညောင်ပင်သာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ပင်ဖြစ်အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)နှင့် အင်တောတိုက်နယ်ဆေးရုံ စသည့်ဆေးထိုးစုရပ် (၄)နေရာတွင် ကျေးရွာအုပ်စု (၁၈)အုပ်စုရှိ ကျေးရွာနေပြည်သူ များအား  ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်မှုကို  မြိုနယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကောင်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)