မိုင်းခုတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အသက်(၁၈)နှစ် အထက်ရှိ ပြည်သူများအား အောက်တိုဘာ ၇ ရက်နေ့က မြို့တိုက်နယ်ဆေးရုံ၌ စုရပ်ထားရှိပြီး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနများမှ ပါဝင်၍ ဆေးမထိုးပေးမီ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ကာကွယ်ဆေးတစ်လုံးကို လူငါးယောက်နှုန်းဖြင့် ဆေးအလုံးရေ (၅၀) ရရှိပြီး အသက်(၁၈)နှစ်နှင့် အထက်ရှိ ပြည်သူစုစုပေါင်း ၂၅၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကာ ဆေးလာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက ပထမအသုတ်အဖြစ် COVIDSHIELD ကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် စုစုပေါင်း လူဦးရေ ၁၇၀ ဦးအားလည်းကောင်း၊ ဒုတိယအသုတ်အဖြစ် ဩဂုတ်လအတွင်းက ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို လူဦးရေ ၁၃၀ ဦးအားလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ရာ တတိယ အသုတ်အဖြစ် စက်တင်ဘာ ၂၁ ရက်နေ့က ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းကို လူဦးရေ ၁၄၀ ဦးအားလည်းကောင်း၊ စတုတ္ထအသုတ်အဖြစ် ယနေ့အောက်တိုဘာ ၇ ရက်နေ့က ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်းကို လူဦးရေ ၂၅၀ ဦးအား လည်းကောင်း ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။
အားချာ၊ အောင်လွင်ဌေး