သီပေါမြို့ အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ (၄၀) ဆံ့ အောက်ဆီဂျင်အိုး (၅၀) လုံး နေ့စဉ်ပုံမှန်ထုတ်ပေးလျက်ရှိ

သီပေါ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လက်တလော ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသော လူနာများအတွက် အောက်ဆီဂျင် လိုအပ်မှု အခက်အခဲမရှိစေရန် လွယ်ကူအဆင်ပြေစွာ ရရှိစေရေးအတွက် ပန်စောက်မိန်း ကျေးရွာ၌ တည်ဆောက်တပ်ဆင်ထားရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) အားအောက်တိုဘာ (၁)ရက်နေ့မှစတင်ပုံမှန်လည်ပတ် မောင်းနှင်လျက်ရှိရာ တစ်ရက်လျှင် ၄၀လီတာဆံ့အိုး (၅၀)လုံး ပုံမှန်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အိုးများကို အဓိကဖြည့်သွင်းပေးလျက်ရှိပါကြောင်း၊ မြို့နယ်ပြည်သူ့ ဆေးရုံသို့ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုး(၄၀)အိုးကို ပုံမှန်လှူဒါန်းပေးလျက် ရှိပါကြောင်း၊ ပြင်ပမှ ပြည်သူများ ဖြည့်သွင်းလိုလျှင် မြို့နယ်ပြည်သူ့ဆေးရုံမှ ထောက်ခံချက်ပါရှိမှသာ ဖြည့်သွင်း ပေးမည်ဖြစ်ကြောင်း၊ ယခုအခါတွင်ပြင်ပမှ ဖြည့်သွင်း လိုသည်များကို အခမဲ့လှူဒါန်းပေး လျက်ရှိပါကြောင်း၊ စေတနာရှင်အလှူရှင်များမှ လည်းအောက်စီဂျင်များ အခမဲ့ပေးလှူနိုင်ရေး အတွက် အလှူငွေများထည့်ဝင် လှူဒါန်းလျက်ရှိကြောင်း၊ လှူဒါန်းလိုသူများ ရှိပါကလည်း ကော်မတီဝင်များထံသို့ ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူးထံမှ သိရသည်။

ခင်လေး(သီပေါပြန်/ဆက်)