တောင်ကြီး အောက်တိုဘာ ၇
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲမှ မှာကြားချက် အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား (၅%) အောက်ရောက်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြရန် မှာကြား ပါကြောင်း၊ မကြာခင်ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အခြေခံပညာ ကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၂) ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနိုင်ရန် နိုင်ငံတော်မှ စီစဉ်နေပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်မည်ဆိုပါက ယနေ့ ကိုဗစ်-၁၉ရောဂါ အနေထားမှာ တောင်ကြီးမြို့တွင်(၇%)၊ ညောင်ရွှေမြို့တွင်(၁၇%)၊ ရပ်စောက် မြို့တွင် (၁၀%)၊ နောင်ချိုမြို့တွင် (၂၄%)၊ သီပေါမြို့တွင်(၁၁%)၊ လားရှိုးမြို့တွင်(၄%)၊ ကျိုင်းတုံမြို့တွင်(၁၆%)၊ တာချီလိတ် မြို့တွင်(၈%)၊ လောက်ကိုင်မြို့တွင်(၁၃%)၊ ချင်းရွှေဟော်မြို့တွင်(၅%)၊ မူဆယ်မြို့ တွင်(၃%)၊ နမ့်ခမ်းမြို့တွင် (၃၅%) ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် နမ့်ခမ်းမြို့သည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ နောင်ချိုမြို့နှင့် တတိယ အများဆုံးမှာ ကျိုင်းတုံမြို့တို့ ဖြစ်ပါကြောင်း၊ တောင်ကြီးမြို့သည် အားလုံးခြုံ၍ ကြည့်ပါက (၇%)ရှိပြီး တောင်ကြီးမြို့ တစ်ခုထဲ ကြည့်ပါက (၅%)အောက် ရောက်နေပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့နည်းနိုင်မှသာ ကျောင်းများ ပြန်လည်ဖွင့်သည့်အခါ အခြေနေကောင်းမည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကို သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်းလိုက်နာရန်လိုပါကြောင်းနှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ရောဂါပိုး ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ဆွေးနွေးတင်ပြ၍ တက်ရောက် လာကြသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင် များက ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)