ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဗီနိုင်းများ၊ ပိုစတာများအား ရပ်ကွက်၊ကျေးရွာများရှိ လမ်းဆုံလမ်းဂွများ၊ စျေးများတွင်ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများ အတွင်း လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ များကို ဖော်ပြပေးလိုက်ရပါသည်။
ဒေါ်စန္ဒာ
ကျွန်မကတော့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၁၀၅ ရပ်ကွက် ၊ ရေနံ့သာလမ်းမှာ နေထိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ရုံးတွင် စာထောက်-၃ ဝန်ထမ်း ဒေါ်စန္ဒာဖြစ်ပါတယ်။ ကျွန်မကတော့ ဇူလိုင်လ ၅ ရက်နေ့မှာ စဖျားပါတယ်။ နှစ်ရက်လောက်နေတော့ အနံ့စပျောက်လာပြီး ကိုယ့်ကိုယ်ကိုယ် သံသယရှိတာနဲ့ မိသားစုနဲ့ ခွဲနေပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း ဆေးရုံမှာ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ဆေးသွားစစ်တဲ့အခါမှာ ကိုဗစ်ရောဂါပိုးတွေ့ရတဲ့အတွက် ကိုဗစ်ကုသရေးစင်တာ ရိုးမရိပ်သာမှာ (၁၀)ရက်တာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကိုဗစ်- ၁၉ရောဂါ ကူးစက်ခံရပြီးနောက် အစားစားချင်စိတ် လုံးဝမရှိပါဘူး။ ဒါပေမဲ့ ကိုယ်ခံအားကောင်းအောင် အစားအသောက်တွေကို စနစ်တကျ စားရပါတယ်၊ ကျန်းမာရေးဝန်ထမ်းများမှပေးသော ဆေးများကိုလဲ အချိန်မှန်မှန် စနစ်တကျ သောက်ရပါတယ်။ အိပ်မပျော်တာ ၊ လည်ချောင်းနာတာတို့ ရှိပေမဲ့လည်း ကိုယ်ခံအားကောင်းအောင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေနိုင်ခဲ့ပါတယ်။ ဆေးရုံ ဆင်းလာပြီးနောက် အိမ်မှာ stay home (၂)ပတ် နေထိုင်ခဲ့ပါတယ်။ မိဘပြည်သူများအနေနှင့်လည်း ကိုဗစ်- ၁၉ရောဂါ မဖြစ်ပွားစေရန် လက်ကိုမကြာခဏ စက္ကန့် ၂၀ကြာ ဆေးကြောဖို့၊ အပြင်ထွက်တိုင်း Mask တပ်ဖို့ ၊ လူထူထပ်သောနေရာများ သွားရောက်ခြင်းကို ရှောင်ကျဉ်ကြဖို့၊ မဖြစ်မနေ သွားရပါကလည်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြဖို့ ၊ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့နှင့် အိပ်ရေးဝဝ အိပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ယခုလက်ရှိ ထိုးနှံပေးနေသော ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများအနေဖြင့်လည်း မပျက်မကွက် ထိုးနှံကြပါလို့ ထပ်မံတိုက်တွန်းချင်ပါတယ်ရှင့်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဖြိုးစန္ဒာကျော်(ပြန်/ဆက်)