နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် ပလတ်စတစ်စက်ရုံ၊ MAYLP Agiriculture Co.,Ltd စပါးအခြောက်ခံစက်လုပ်ငန်း၊ မြန်မာရွှေသစ် သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းများ လည်ပတ် ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်အား ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် ပလတ်စတစ် စက်ရုံမှ စက်ရုံပိုင်ရှင် ဒေါ်နှင်းဝေဝေအောင်က စက်ရုံအတွင်း ပလတ်စတစ် ရေသန့်ဘူးခွံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများထုတ်လုပ် ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်မှာကြားပြီး စက်ရုံ ဝန်ထမ်းများအတွက် နှာခေါင်းစည်း (Mask) များ ပေးအပ်ကာ စက်ရုံလည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့ဝင်များသည် MAYLP Agiriculture Co.,Ltd စပါး အခြောက်ခံစက်လုပ်ငန်းသို့ရောက်ရှိရာ General Manager ဒေါ်နန်းထက်ထက်လှိုင်က ကန်ထရိုက်လယ်ယာစနစ်ဖြင့် အရည်အသွေးမြင့်စပ်မျိုးစပါးများ၊ Quality Fragrance Rice စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် စပါးအခြောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား ဆန်အရည် အသွေး မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး စိုက်ပျိုးနည်းစနစ်များနှင့် မျိုးစပါးများကို ဖြန့်ဖြူးပေးစေလိုကြောင်း၊ တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် အတွက် စိုက်ပျိုးရေးပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းမှာကြားပြီး နှာခေါင်းစည်း (Mask)များပေးအပ်ကာ စက်ရုံလည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့ဝင်များသည် မြန်မာ ရွှေသစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံမှ စက်ရုံပိုင်ရှင် ဦးတင်ချိုက သရက် (အခြောက်၊ ပျဉ်၊ အနှစ်)၊ ငှက်ပျောကြော်၊ နာနတ်(အခြောက်၊စည်သွတ်)၊ ပဲစည်သွတ်ဘူးများ၊ အခြားသစ်သီးများနှင့် မျှစ်ခြောက်၊ မျှစ်စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် အရည်အသွေးပြည့်မှီသည့် စားသောက်ကုန်များထုတ်လုပ်ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိအောင် ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး နှာခေါင်းစည်း (Mask) များ ပေးအပ်ကာ စက်ရုံ လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)