စစ်တွေ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာကြီး ဒေါက်တာ ထွန်းထွန်းသိန်းနှင့် ကာကွယ် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူမိဘနှင့် ကျောင်းသားများ၏ ကာကွယ်ဆေးထိုးနှံမှုအပေါ် ရင်ထဲက ခံစားချက်၊ သူတို့၏ မျှော်လင့်ချက်များကို တွေ့ဆုံမေးမြန်းရေးသား ဖော်ပြလိုက်ပါသည်။
ဒေါက်တာ ထွန်းထွန်းသိန်း
ဒုတိယညွှန်ကြားရေးမှူး(စီမံ)
ရခိုင်ပြည်နယ်ပညာရေးမှူးရုံး
မေး။ ။ မင်္ဂလာပါ ဆရာကြီးခင်ဗျာ၊ ဆရာကြီးရဲ့အမည်၊ ရာထူးနဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ အပိုင်းကိုသိပါရစေခင်ဗျာ။
ဖြေ။ ။ ကျွန်တော်ကတော့ ဒေါက်တာ ထွန်းထွန်းသိန်းပါ၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ရခိုင် ပြည်နယ်ပညာရေးမှူးရုံးကပါ။
မေး။ ။ ဆရာကြီးတို့ရဲ့ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော် ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်၊ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေလေးကို သိပါရစေခင်ဗျာ။
ဖြေ။ ကျွန်တော်တို့က နိုင်ငံတော်အဆင့်ပေါ့နော် စက်တင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုင်းဒေသ ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ Zoon Metting ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ ပြည်နယ်ဝန်ကြီးချုပ်ကလည်း တက်ရောက်ပေးဖို့ ခေါ်ယူတဲ့အခါမှာ ဒီကာကွယ်ဆေးထိုးဖို့အတွက် လမ်းညွှန်ချက်တွေပေးပါတယ်၊ အဲ့ဒီလမ်းညွှန်ချက်ပေးပြီးတော့ အစည်းအဝေးပြီးတဲ့နေ့မှာဘဲ ကျွန်တော်တို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံကနေတစ်ဆင့် ခရိုင်နဲ့မြို့နယ်ပညာရေးမှူးတွေနဲ့ Zoon Metting ဆောင်ရွက်ပါတယ်၊ အသက် ၁၂ နှစ်ပြည့်တဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းအလိုက်၊ မြို့နယ်အလိုက် စာရင်းတွေပြုစုကြဖို့ ကျွန်တော်တို့ညွှန်ကြားခဲ့ ပါတယ်။ အဲ့ဒီနေ့မှာဘဲ VMIS စာရင်းတွေပြုစုဖို့ ဆရာ၊ ဆရာမများဆောင်ရွက်ထားကြဖို့၊ နောက်တစ်ခါ ကျောင်းတွေမှာ စုရပ်စာရင်းတွေပြုစုထားဖို့ အဲ့ဒီမှာ တာဝန်ကျ ဆရာ၊ ဆရာမတွေ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး အတွက် စီစဉ်ဆောင်ရွက်ထားဖို့ပါ စီစဉ်ထားပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးထိုးမယ့် စုရပ်တွေကိုကော ဘယ်လိုသတ်မှတ်ထား ပါသလဲခင်ဗျာ။
ဖြေ။ ။ အခုနားက ကျွန်တော်ပြောသလိုပါဘဲ၊ မြို့နယ်ထွေအုပ်တို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ပူးပေါင်းပြီးတော့ခါ စုရပ်နေရာတွေ သတ်မှတ်ထား ပါတယ်၊ အဲ့ဒီစုရပ်တွေမှာ နေပြီးတော့ ကျောင်းတွေကို အုပ်စုတွေဖွဲ့ထားပါတယ်၊ အုပ်စုတွေဖွဲ့ပြီးတော့ခါ ဘယ်နေရာမှာ ဆေးထိုးဖို့ဆိုတာကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးစုရပ် အနေနဲ့စုရပ် ၄၃၅ နေရာကို ယာယီသတ်မှတ်ထားတာရှိပါတယ်၊ ဒီထက်လည်းပိုလာနိုင်တဲ့ သဘော တော့ရှိပါတယ်၊ ဒါကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ယာယီ သတ်မှတ်ထားတာဖြစ်ပါတယ်။
မေး။ ။ ဆရာကြီးခင်ဗျာ၊ အခုဆိုရင် ကာကွယ်ဆေးထိုးဖို့ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်ထားတယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ထိရှိပါသလဲခင်ဗျာ၊ မြို့နယ်အလိုက် ပြောပြ လို့ရရင်ပြောကြားပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာတော့ မြို့နယ်အလိုက်ပြောရရင် စစ်တွေမြို့နယ်မှာပေါ့နော် အလယ်တန်းအဆင့်မှာ ၁၅၄၀၉ ဦး၊ အထက်တန်းအဆင့်မှာ ၅၆၆၁ဦး စုစုပေါင်း ၂၁၀၇၀ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၉၀၅၉ ဦး၊ အထက်တန်းအဆင့်မှာ ၂၀၃၀ ဦး စုစုပေါင်း ၁၁၀၈၉ ဦး၊ ပေါက်တောမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၁၀၁၈၃ ဦး၊ အထက်တန်းအဆင့်မှာ ၁၉၈၃ ဦး စုစုပေါင်း ၁၂၁၆၆ ဦး၊ ရသေ့တောင်မြို့နယ်မှာတော့ အလယ်တန်း အဆင့်မှာ ၁၀၀၃၉ ဦး၊ အထက်တန်းအဆင့်မှာ ၂၂၂၅ဦး စုစုပေါင်း ၁၂၂၆၄ ဦး၊ မြောက်ဦးမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၁၂၄၉၉ ဦး၊ အထက်တန်းအဆင့်မှာ ၂၆၈၀ စုစုပေါင်း ၁၅၁၇၉ ဦး၊ ကျောက်တော်မြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၁၄၈၇၆ ဦး၊ အထက်တန်းအဆင့်မှာ ၃၄၀၆ ဦး၊ စုစုပေါင်း ၁၈၂၈၂ ဦး၊ မင်းပြားမြို့နယ်မှာတော့ အလယ်တန်း အဆင့်မှာ ၁၂၅၄၆ ဦး၊ အထက်တန်းအဆင့်မှာ ၂၁၀၉ ဦး၊ စုစုပေါင်း ၁၄၆၅၅ ဦး၊ မြေပုံမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၁၀၀၀၂ ဦး၊ အထက်တန်းအဆင့်မှာ ၂၅၃၁ ဦး၊ စုစုပေါင်း ၁၂၅၃၃ ဦး၊ ကျောက်ဖြူမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၁၁၇၅၆ ဦး၊ အထက်တန်းအဆင့်မှာ ၃၈၈၉ ဦး စုစုပေါင်း ၁၅၆၄၅ ဦး၊ ရမ်းဗြဲမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၆၃၆၃ ဦး၊ အထက်တန်းအဆင့်မှာ ၁၉၈၅ ဦး စုစုပေါင်း ၈၃၄၈ ဦး၊ မာန်အောင်မြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၂၉၇၆ ဦး၊ အထက်တန်းအဆင့်မှာ ၁၁၇၄ ဦး စုစုပေါင်း ၄၁၅၀ ဦး၊ အမ်းမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၇၉၂၄ ဦး၊ အထက်တန်းအဆင့်မှာ ၁၉၇၉ ဦး စုစုပေါင်း ၉၉၀၁ ဦး၊ သံတွဲမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၆၁၄၉ ဦး၊ အထက်တန်းအဆင့်မှာ ၂၄၃၀ ဦး စုစုပေါင်း ၈၅၇၉ ဦး၊ တောင်ကုတ်မြို့နယ်မှာ အလယ်တန်းအဆင့်မှာ ၉၆၁၈ ဦး၊ အထက်တန်းအဆင့်မှာ ၃၁၈၈ ဦး စုစုပေါင်း ၁၂၇၈၆ ဦး၊ ဂွမြို့နယ်မှာ အလယ်တန်းအဆင့်မှာ ၁၄၃၁ ဦး၊ အထက်တန်းအဆင့်မှာ ၄၄၃ ဦး စုစုပေါင်း ၁၈၇၄ ဦး၊ မောင်တောမြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၅၇၉၅ ဦး၊ အထက်တန်းအဆင့်မှာ ၁၅၀၂ ဦး စုစုပေါင်း ၇၂၉၇ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှာတော့ အလယ်တန်းအဆင့်မှာ ၇၇၄၇ ဦး၊ အထက်တန်းအဆင့်မှာ ၁၉၇၉ ဦး စုစုပေါင်း ၉၇၂၆ ဦး ထိုးနှံပေးမှာဖြစ်ပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့်ဆိုရင်တော့ အလယ်တန်းအဆင့်မှာ ၁၅၄၃၇၂ ဦး၊ အထက်တန်းအဆင့်မှာ ၄၁၁၇၂ ဦးဖြစ်ပြီး စုစုပေါင်း အထက် တန်းနဲ့ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၉၅၅၄၄ ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင် ဖို့လျာတားထားပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ် ထားတဲ့ နေရာတွေမှာ လာရောက်ထိုးနှံကြဖို့ အသိပေးတာတွေ၊ အကြောင်းကြားတာတွေကို အဆရာကြီးတို့ အနေနဲ့ ဘယ်လိုဆောင်ရွာထားတာတွေရှိပါသလဲ၊ ခဏပြောပြာပေးပါ။
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက်တော့ ကျွန်တော်တို့က မြို့နယ်ပညာရေးမှူးတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စုရပ်ဆရာကြီးတွေနဲ့ပတ်သက်ပြီးတော့ခါ ဒီဆေးထိုးနှံပေးဖို့ စာရင်းတွေပြုစု ထားဖို့ ညွှန်ကြားထားတာရှိပါတယ်၊ သူတို့ကိုဆေးထိုးနှံဖို့ အကြောင်းကြားထားတာရှိတယ်၊ နောက်တစ်ခုက လူမှုဝန်ထမ်းဦးစီးဌာနက ဒီဆေးထိုးနှံဖို့အတွက် ဗီနိုင်းတွေစိုက်ထူပေးပါမယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အသိပညာပေး ဗီနိုင်းတွေ စိုက်ထူသွားဖို့ လည်းရှိပါမယ်၊ ကိုဗစ်ရောဂါကာကွယ်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ် ဆိုတာတွေကို ကျောင်းသားမိဘတွေ၊ မိဘပြည်သူတွေသိအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။
မေး။ ။ ဟုတ်၊ ဆရာကြီးတို့မှာ ကိုဗစ်ကာကွယ်ဆေးတွေလည်းထိုးနှံပေးတော့မယ်၊ မကြာခင်လည်း အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်ဖို့ရှိနေတယ်၊ ဆိုတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုအစီ အမံ တွေနဲ့ ဆောင်ရွက်ထားတယ်ဆိုတာလည်း သိပါရစေ ဆရာကြီး။
ဖြေ။ ။ ဟုတ်၊ ကျွန်တော်တို့က ကိုဗစ်ဆေးထိုးဖို့မစီစဉ်ခင် ကတည်းကပင် ကျောင်းတွေကို လမ်းညွှန်ထားပြီး ဖြစ်ပါတယ်၊ မကြာမီကာလအတွင်း ကျောင်းတွေ ပြန်ဖွင့်လှစ်လာတော့မှာ ဖြစ်တဲ့အတွက် မိမိတို့ကျောင်းခြံဝင်းအတွင်း ဦးပတိရုပ်တွေ ကောင်းမွန်ဖို့၊ ကျောင်းပတ်ဝန်းကျင်တွေ သန့်ရှင်းသာယာကောင်းမွန်ဖို့အတွက် ဆောင်ရွက်ထားရှိဖို့၊ နောက်တစ်ခုက ဒီကိုဗစ်ရောဂါဟာ ပျောက်သွားတဲ့ရောဂါမဟုတ်ဘူး ဆေးထိုးထားရင်လည်း ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ နေထိုင် သွားကြဖို့ဆိုတာတွေကို လမ်းညွှန်ထားတာတွေရှိပါတယ်၊ ဒါတွေကို အားလုံးကို ကြိုတင်ပြင်ဆင် ထားကြဖို့ ပြောကြားထားသလို လက်ရှိလည်းလုပ်ဆောင်နေကြပါတယ်။
မေး။ ခုဆိုရင်ကျောင်းတွေလည်း ဖွင့်လှစ်တော့မယ်ဆိုတော့ခါ ဆရာ၊ ဆရာမတွေ အနေနဲ့ကော ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးကြပြီလား ခင်ဗျာ။
ဖြေ။ ။ ကိုဗစ်ကာကွယ်ဆေးကို ဆရာ၊ ဆရာမအားလုံးနီးပါးကတော့ ထိုးထားကြပါပြီး၊ မထိုးရ သေးသူတွေကတော့ နည်းနည်းပါးပါးရှိနိုင်ပါတယ်၊ ဒီဆရာမတွေကိုလည်း ဆက်လက်ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။
မေး။ ။ ဆရာကြီး အခုဆိုရင် ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဆရာကြီးတို့ရဲ့ တပည်တွေကိုပေါ့ ဆေးထိုးနှံခွင့်လည်းရပြီးဆိုတော့ ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကိုလည်း ကြားပါရစေခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့ ဒီကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာပေါ့ ကိုဗစ်တတိယလိုင်းမှာ အလွန်တရာမှ ဝမ်းနည်းဖွယ်ရာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်၊ ကျောင်းတွေလည်းပိတ်ထားခဲ့ရ တာပေါ့နော်၊ ကျောင်းတွေပိတ်ထားရတဲ့အတွက်ကြောင့် နောင်အနာဂတ် မျိုးဆက်တွေရဲ့ ပညာသင် ကြားမှု အခွင့်အလမ်းဟာ ဆုံးရှုံးနေရတဲ့အထိဖြစ်နေရပါတယ်၊ ဒါကြောင့် ဒီကိုဗစ်-၁၉ရောဂါ မပျောက်သွားနိုင်ရင်တောင်မှ ကာကွယ်ဆေးတွေထိုးပြီးတော့ခါ တစ်ယောက်နဲ့တစ်ယောက် ကူးစက် မှုတွေလျော့ပါးသွားတဲ့အခါ ကျောင်းတွေဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ပါတယ်၊ ဒီလိုကျောင်းတွေဖွင့်လှစ်နိုင်မှ သာလျင် နောင်အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့ ပညာသင်ကြားမှုအခွင့်အလမ်းရရှိမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ မိဘတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ဆရာတစ်ယာက်အနေနဲ့သော် လည်းကောင်း၊ ဒီကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေဖွင့်လှစ်လာနိုင်မယ်ဆိုရင် အလွန်တရာမှ ဝမ်းသာဂုဏ်ယူပါတယ်၊ မိဘပြည်သူများကိုလည်း ဒီကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထား ခြင်းသည် ကိုဗစ်ရောဂါပြင်းပြင်းထန်ထန်ဖြစ်ရင်တောင်မှ ဆိုးရွားတဲ့အခြေအနေသို့မရောက်နိုင်ဘူး၊ ခုခံအားအနေနဲ့ရှိလာနိုင်တဲ့အတွက်ကြောင့် မိဘပြည်သူများအနေနဲ့၊ ကျောင်းသား၊ ကျောင်းသူတွေ ဆေးထိုးကြဖို့ တိုက်တွန်းလမ်းညွှန်ပေးကြဖို့ ကျွန်တော့အနေနဲ့မေတ္တာရပ်ခံလိုပါတယ်။ ကျောင်းတွေ ပြန်ဖွင့်လှစ်ပြီး ကျောင်းတွေမှာ စိုစိုပြည်ပြည်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် စာသင်ယူနေတဲ့ မြင်ကွင်းကိုဘဲ ကျွန်တော်တို့ တွေ့မြင်ချင်ပါပြီ၊
မေး။ ဆရာကြီးအနေနဲ့ တခြားဖြည့်စွက်ပြောစရာများရှိရင်လည်း ပြောကြားပေးစေချင်ပါတယ်။
ဖြေ။ ။ ကျွန်တော့အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းပျော်ရွှင်စွာနဲ့ မိမိတို့ရဲ့ပညာကို သင်ယူနိုင်ဖို့အတွက် ကျောင်းများ ထာဝရဖွင့်သွားလာနိုင်ရေးအတွက် ဒီနိုင်ငံတော်အစိုးရက ထိုးနှံပေးတဲ့ (Sinovac) ဒီရောဂါကာကွယ်ဆေးကို မဖြစ်မနေအကုန်လုံး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ထိုးပေးကြဖို့ အတွက် မိဘများအနေနဲ့လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါ်အေးအေးမိုး
ဈေးသည်
ကျောင်းသားမိဘ
မေး။ ။ အမရဲ့ အမည်လေးနဲ့ နေရပ်လိပ်စာကို မိတ်ဆက်ပေးပါခင်ဗျာ။
ဖြေ။ ။ ကျွန်မအမည်ကတော့ ဒေါ်အေးအေးမိုးပါ၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှာနေပါတယ်။
မေး။ ။ အမရဲ့အလုပ်အကိုင်ကို ပြောပြလို့ရရင်ပြောပြပေး။
ဖြေ။ ။ ကျွန်မကတော့ ဈေးရောင်းပါတယ်။
မေး။ ။ အမတို့ရဲ့ ရင်သွေးတွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေရှိရင်ကလေးရဲ့
အသက်နဲ့ ပညာသင်ကြားနေတဲ့ စာသင်ကျောင်း နဲ့ တက်ရောက်နေတဲ့ အတန်းကို သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်၊ ကျွန်မမှာတော့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့အသက်က ၁၃ နှစ်ပါ၊ စစ်တွေမြို့၊ အမှတ်(၁၅) မူလွန်ပြည်တော်သာ ကျောင်းမှာ ပဉ္စမတန်း၊ Grade-6 မှာ တက်ရောက် ပညာသင်ကြားနေပါတယ်။
မေး။ ။ ဟုတ်၊ အခုဆိုရင်နိုင်ငံတော်အစိုးရရဲ့အစီအစဉ်နဲ့ အခြေခံပညာကျောင်းတွေက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ကြေညာထားပါတယ်၊ အဲ့ဒီအပေါ်မှာ အမရဲ့အမြင်လေးကို ပြောကြားပေးပါလား။
ဖြေ။ ။ ကလေးတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတော့ ကောင်းပါတယ်၊ ဒါကို ကျွန်မတို့ကြိုဆိုပါတယ်။ ကာကွယ်ဆေးထိုးထားတော့ ကလေးတွေအတွက်လည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ လုံခြုံမှုရှိတာပေါ့၊ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားလေးအပေါ် စိတ်ချလက်ချ ကျောင်းတက်စေနိုင်တာပေါ့နော်၊ ကိုဗစ်ရောဂါကာကွယ်ဆေးကို အစကတော့ အသက်(၆၅)နှစ်နဲ့အထက်လူကြီးတွေကို ထိုးပေးတယ်၊ နောက်ပြီးတော့ ၄၅ နှစ်နဲ့အထက်တွေကို ထိုးပေးတယ်၊ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူလေးတွေကို ထိုးနှံပေးတော့မယ်ဆိုတော့ ဒီဟာတွေက ကျွန်မတို့ ပြည်သူတွေအတွက် ကောင်းတဲ့လက္ခာတွေပေါ့၊ ကျွန်မတို့ ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။
မေး။ ။ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေး ထိုးဖို့ ဆောင်ရွက်နေတဲ့ အပေါ်ကျောင်းသားမိဘ တစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ့် အစီအစဉ်လေးတွေရှိရင်ပြောပြပေးပါလား။
ဖြေ။ ။ ဒီဟာကတော့ လူတိုင်း၊ ကျောင်းသားမိဘတိုင်း ဝိုင်းဝန်းလုပ်ဆောင်ပေးရမှာပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်သားသမီးတစ်ယောက်တည်း ဒီဆေးကိုထိုးထားလို့မရဘူးလေ၊ ကလေးတွေအကုန်လုံး ထိုးနှံကြရမှာပါ၊ ကျွန်မတို့အနေနဲ့တော့ နိုင်တဲ့ဘက်က ကူညီသွားမှာပါ။ ဥပမာ - ကလေးတွေကာကွယ်ဆေးလာထိုးကြဖို့ မိဘတွေအချင်းချင်းတိုက်တွန်းပြောကြားတာတို့ ကလေးတွေအချင်းချင်း ကာကွယ်ဆေးထိုးနှံကြဖို့ အသိပေးတာတို့ စသဖြင့်ပေါ့ တတ်နိုင်တဲ့ဘက်က ကူညီပေးသွားပါမယ်။
မေး။ ။အခုလို မိမိရဲ့ ရင်သွေး ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်နိုင်တဲ့ အပေါ် ပီတိစကားလေးလဲ ကြားချင်ပါတယ်။
ဖြေ။ ။ ကောင်းပါတယ်၊ အတိုင်းမသိဝမ်းသာပါတယ်၊ ဒီကိုဗစ်ရောဂါစတင်ဖြစ်ပွားကတည်းက စပြီးတော့ ကလေးတွေ ကျောင်းပိတ်ထားရတယ်၊ ကလေးတွေက အသက်တွေကြီးလာပြီ၊ အတန်းကမတက်ရဘူး၊ အခုဆိုရင် ကျွန်မတို့ သားလေးကို ကာကွယ်ဆေးထိုးပေးတော့မယ်၊ ပြီးရင်ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတော့ သားလေးပညာရေးအတွက် စိတ်အေးရပြီပေါ့၊ သားလေး ကိုဗစ်ရောဂါကာကွယ်ဆေးထိုးထားတော့ ကျွန်မတို့အနေနဲ့လည်း သားလေးအပေါ် စိတ်ချလက်ချနဲ့ ပညာသင်ခွင့်ပေးနိုင်ပြီပေါ့၊ အခုလိုမျိုး ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မောင်အောင်ဘုန်းမြတ်
ပဉ္စမတန်း
အမှတ်(၁၅) မူလွန်ပြည်တော်သာကျောင်း
စစ်တွေမြို့
မေး။ ။ သားရဲ့အသက် ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ သားရဲ့အသက်က ၁၃ နှစ်ရှိပါပြီ။
မေး။ ။ သားကဘယ်နှစ်တန်းတက်နေတာလဲ ၊ ဘယ်ကျောင်း မှာတက်နေတာလဲ။
ဖြေ။ ။ သားကတော့ အမှတ်(၁၅) မူလွန်ပြည်တော်သာကျောင်းမှာ ပဉ္စမတန်း Grade-6 မှာ တက်ရောက် ပညာသင်ကြားနေပါတယ်။
မေး။ ။ အခုသားတို့ စာသင်ကျောင်းတွေမှာ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတော့မှာ၊ သား ကာကွယ်ဆေး ထိုးမှာလား
ဖြေ။ ။ အခုသားတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမယ် ဆိုတော့သားတို့ထိုးမှာပါ။
မေး။ ။ ကာကွယ်ဆေးတွေ ထိုးပြီးရင် ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာဆိုတော့ကာကွယ်ဆေး ထိုးထားရင်ရောဂါကူးစက်မှု အတွက် ဘယ်လိုယုံကြည်ချက်တွေရှိလဲ။ သိတာလေးပြောပေးပါ။
ဖြေ။ ။ကာကွယ်ဆေးထိုးထားရင် ကိုဗစ်ရောဂါကူးလာရင်လည်း ရောဂါပြင်းပြင်းထန်ထန်မခံစားရဘူး၊ ရောဂါကူးလာရင်လည်း သေဆုံးမှုနည်းတယ်လို့ ဖေဖေ၊ မေမေတို့က ပြောကြပါတယ်၊ ဒါကြောင့် သားကိုဗစ်ကာကွယ်ဆေးကို ထိုးမှာပါ။
မေး။ ။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့ အပေါ် သားရဲ့ သူငယ်ချင်းတွေကို ဘယ်လိုပြောချင်လဲ၊ သူတို့ကို ကာကွယ်ဆေးထိုးဖို့ ဘယ်လိုတိုက်တွန်းချင်လဲ။
ဖြေ။ ။ သားတို့ဘဝတူ ကျောင်းသား၊ ကျောင်းသူတွေ၊ သူငယ်ချင်းတွေကိုလည်း ကာကွယ်ဆေးထိုးနှံကြဖို့ ပြောလိုပါတယ်၊ ကာကွယ်ဆေးထိုးကြပါ၊ ဒါမှ သားတို့သူငယ်ချင်းတွေ အတူတူ ကျောင်းတက်ရမှာပါ။
မေး။ ။ သားအနေနဲ့ ကျောင်းလည်းတက်ရတော့မယ်၊ ကာကွယ်ဆေးလည်းထိုးရမယ်ဆိုတော့ ဘယ်လိုနေလဲ။ ပျော်ရွှင်တာတွေဘာတွေရှိလား။
ဖြေ။ ။ ကျောင်းတက်ရတော့မယ်ဆိုတော့ ပျော်တာပေါ့၊ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့မယ်၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ချင်နေတာကြာပါပြီ၊ အခုလိုမျိုး သားတို့ကျောင်းတွေပြန်ဖွင့်ဖို့၊ ကျောင်းပြန်တက်ရဖို့ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံနိုင်အောင် စီစဉ်ပေးတဲ့လူကြီးတွေလည်း ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း- တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ - ကံထွန်း(ဟံတာမြေ)