ကျောက်ဆည်၊ အောက်တိုဘာ-၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်တွင် ပြည်ပန်းကျေးရွာအုပ်စု ပေါက်ကုန်းကျေး အုပ်ချုပ်ရေးမှူး၊ လူမှုရေး အသင်းအဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံ ရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘ ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပေး နှိုးဆော် ခြင်းများကို ပေါက်ကုန်းကျေးရွာများအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၉၇)အုပ်စု၊ ကျေးရွာပေါင်း (၂၁၇) ရွာရှိပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)