ချောင်းဦးမြို့တွင် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) တတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး

ချောင်းဦး  အောက်တိုဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊  အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို တတိယအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကြီးကြပ်ပြီး ချောင်းဦးမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများ လာရောက် ကူညီ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေသန့်ဗူး နှင့် ပါးစပ် နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ် ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ  ပြုလုပ်ပြီး နောက် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် သံဃာတော်များ၊  အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အား ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့သည်။

 

ချောင်းဦးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအသုတ် လူဦးရေ၄၅၀၀ အား ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးရန်အတွက် ဆေးအလုံးရေ ၁၀၀၀၊ လူဦးရေ ၄၉၉၅ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုတတိယအသုတ် ပထမအကြိမ်ထိုးနှံပေးရန်အတွက် ဆေးအလုံးရေ၃၀၀၊ လူဦးရေ ၁၅၀၀ကို ယနေ့နံနက်မှစတင်ပြီး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေးနေမှု့အား ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌဦးထူးကျော်၊ အဖွဲ့ဝင် ဦးသန်းထိုက်၊ ဦးခင်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် တို့က ကြည့်ရှု့အားပေး ကူညီခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများကပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)