အမ်း အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများအား မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ထံ ထောက်ပံ့ပေးအပ်ခြင်းကို ပညာ ရတနာ ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပေနိုးဆော်မှု၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာဆေးကုသမှုနှင့် ရောဂါဖြစ်ပွားမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုအခြေအနေ၊ အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုနှင့် ဆက်လက်၍လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယ မြို့နယ်ရဲမှူးသိန်းဇော်ထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးတို့က PPE Level-3(၁၀၀)စုံ၊ Level-2(၂၀)စုံ၊ လက်သန့်ဆေးရည်(၆၀)ဗူး၊ လက်အိတ်(၃၀၀၀)စုံ၊ ခေါင်းဆောင်း (၃၀၀၀)ခု၊ ဖိနပ်(၁၅)စုံ၊ မျက်မှန်(၁၀၀)ခု စသည့် ပစ္စည်း(၇)မျိုးအား မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ဥက္ကဌ ဦးကိုကိုသက်နှင့် အဖွဲ့ဝင်များ ထံပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများလက်ခံရရှိမှုနှင့်ပါတ်သက်၍ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေး အဖွဲ့ဝင် ဦးသက်လွင်အောင်က စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်(၃၀) ဦးခန့်ရှိကြောင်း ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိုးမင်းထွန်း