တွံတေး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာရှိ ဆန်စက်ကြီး(၄)လုံး မှာ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် အလွယ်တကူ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စက်များမှ နေ့စဉ်နံနက် ၆ နာရီမှ ည ၈ နာရီအထိ အဆက်မပြတ် လည်ပတ်ပေးနေကြောင်း သိရှိရသည်။
တွံတေးမြို့နယ် သဝန်းတောကျေးရွာမှ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသုံးမှုအဆင်ပြေစေပြီး ဆန်စက်လုပ်ငန်းတွင် လုပ်ကိုင်နေကြသော လုပ်သားများ ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေး နေ့စဉ်ဆန်စက်များ ကြိတ်ခွဲပေးနေပြီး ဒေသခံပြည်သူများအတွက် ဆန်အခက်အခဲမဖြစ်ပေါ်စေ ရေး ဆန်စက်များနေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ကြိတ်ခွဲပေးပြီး ထွတ်ရှိသော ဆန်များကို ကားများဖြင့် တွံတေး၊ လှိုင်သာယာ၊ စော်ဘွားကြီးကုန်း၊ ဘုရင်နောင်ဆန်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ဆန်စက်များမှာ တရုတ်နိုင်ငံထုတ် အဆင့်မြှင့်ဆန်စက်များဖြစ်ပြီး တစ်နေ့ကို စပါးတင်း (၂၀၀၀)ခန့်အထိ ကြိတ်ခွဲနိုင်ကာ စပါးတင်း(၁၀၀)ကို ဆန်တစ်တင်းခွဲအိတ် (၂၀)ဆန်ကွဲ (၅)ပိုင်း ရရှိကြောင်း သိရသည်။ ဆန်တစ် အိတ်ကို ကြိတ်ခွဲခ (၁၄၀၀)ကျပ်ဖြင့် ဆန်စက်များမှ ကြိတ်ခွဲခပေးရကြောင်း "ရွှေပြည်သုခ" ဆန်စက် မန်နေဂျာ ဦးကြည်တင်ထံမှ သိရှိရသည်။
"ဆန်စက်မှာ ကျွန်တော်တို့က စပါးကြိတ်ခွဲတဲ့အခါ စပါးကို တင်းနဲ့မယူဘူး၊ ထွတ်ရှိလာတဲ့ ဆန်ပေါ်မှာ အိတ်နဲ့ယူတယ်။ တစ်တင်းခွဲတစ်အိတ်ကို ၁၄၀၀ ကျပ်ယူပါတယ်။ ဆန်စက်တွေက တရုတ်နိုင်ငံထုတ် အဆင့်မြင့် စက်တွေ့ပါ။ ဆန်သန့်စင်ပေးတာလဲ ပါရှိတဲ့အတွက် ဆန်ကုန်သည်တွေ အကြိုက်တွေ့ကြပါတယ်။ ဆန်စျေးက ယခင်က ကျားပျံရှယ်ဆို ၄၇၀၀၀ ကျပ်၊ ပေါ်ဆန်းဆိုရင် ၄၃၀၀၀ ကျပ်၊ တောင်ပျံရှယ်ဆိုရင် ၄၃၀၀၀ ကျပ်နဲ့ အခုခေတ်စားနေတဲ့ အညာသား၊ ရက် ၉၀ တွေ့က ၂၈၀၀၀ ကျပ်ဘဲရှိတာပါ" ဟု ဆန်စက်မန်နေဂျာက ပြောပါတယ်။
"အခုလမှာတော့ ဆန်စျေးနည်းနည်း တက်လာပါတယ်။ ဆန်စျေးက စက်မှာရောင်းစျေးနဲ့ လက်လီလက္ကားစျေးက နည်းနည်းဘဲကွာဟ ပါတယ်။ တောင်ပျံဆိုရင် ၄၃၀၀၀ ကျပ်ကနေ အခု ၄၇၀၀၀ ကျပ် ဒေသထွတ် စပါးထက် ပြင်ပက ဝင်လာတဲ့စပါးက စျေးပိုမြင့်တယ်။ ဒေသထွတ်တောင်ပျံနဲ့ ဧရာဝတီတိုင်းဒေသကြီးက ထွတ်တဲ့ တောင်ပျံက စျေးနည်းနည်းပိုတယ်။ ယခုလမှာ ပြည်သူတွေ့စားသုံးမှုများတဲ့ တောင်ပျံက ၄၇၀၀၀ ကျပ်၊ ကျားပျံရှယ်က ၅၁၀၀၀ ကျပ်၊ အညာသားက ၃၂၀၀၀ ကျပ်၊ ရက် ၉၀ က ၃၃၀၀၀ ကျပ် မြင့်တက်လာတယ်" ဟု ဆန်အရောင်းဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ပြည်သူများ ဈေးနှုန်း သင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်(၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း ကြက်ဥ ၁၀ လုံး တစ်ကတ်ကို၁၁၀၀ ကျပ်ဖြင့် ပြည်သူလူထု စျေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်ရေး တစ်ပတ်နှစ်ကြိမ်ခန့် တွံတေး မြို့နယ်သို့ လာရောက်ရောင်းပေးလျက်ရှိကြောင်း သိရှိရသည်။
တွံတေးမြို့နယ်မှာ မိုးစပါးစိုက်ကွင်းပေါင်း(၂၁၉)ကွင်းတွင် စိုက်ပျိုးဧက(၈၂၂၀၅)ဧကမှာ တောင်သူ(၁၂၅၇)ဦးက စိုက်ပျိုးကြပြီး တွံတေးမြို့နယ်မှာ စပါးအထွက်တိုးမျိုးထက် ဒေသတွင်ရှိသော ရောဂါဒဏ်ခံနိုင်သည့် စပါးမျိုး ကိုသာ ရွေးချယ်စိုက်ပျိုးခြင်း၊ ဒေသနှင့် ကိုက်ညီသော မျိုးစပါးနှင့် ဒေသစားသုံးမှုများသော စပါးမျိုးသာ တောင်သူများ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရသည်။
တွံတေးမြို့နယ်၌ အဓိကထားစိုက်ပျိုးသည့် စပါးမျိုးများကတော့ ရတနာတိုး၊ ဆင်းသုခ၊ ရက်(၉၀)၊ အညာသား၊ ကောက်ညှင်း၊ ငစိန်နှံကား၊ မီးဒုံး(ငကျွဲ) မျိုးများ စိုက်ပျိုးကြပြီး ယခင်နှစ်မိုးစပါးတွင် စိုက်ဧက(၈၂၀၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း တစ်ဧကကို(၆၂.၂၃)တင်းနှုန်း ထွတ်ရှိကာ စပါးတင်းပေါင်း(၅၃၅၀၉၄၇.၃၆)တင်းထွက် ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးထံမှ သိရှိရသည်။
မြို့နယ် ပြန်/ဆက်