တာမိုးညဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် ပြည်သူများအတွက် ကျပ်သိန်း(၁၂၅၀)ကျော် တန်ဖိုးရှိစားသုံးကုန်ပစ္စည်းများနှင့် ကျပ်သိန်း(၁၉၀)တန်ဖိုးရှိကား ထောက်ပံ့ပေးအပ်လှူဒါန်း

တာမိုးညဲ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့မန်ဂျယ်ပြည်သူ့စစ်(ဌာနေ)ရုံးဝင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရန် အခက်အခဲ ကြုံတွေ့နေရသော ပြည်သူများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မန်ဂျယ် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ခေါင်းဆောင် ဦးအောင်ရင်နှင့်ရွှေဖီအောင်ယဉ် ကုမ္ပဏီ မိသားစု တို့မှ ကျပ်သိန်း(၁၂၅၀) တန်ဖိုးရှိသော စားသုံးကုန် ပစ္စည်းများနှင့် ကျပ်သိန်း(၁၉၀)တန်ဖိုးရှိ ကားထောက်ပံ့လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

 ထိုသို့စားသောက်ကုန်များလှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် အခက်အခဲ ကြုံတွေ့နေရသောပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံ လူတန်းစားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များထံသို့ အိမ်ထောင်စုတစ်စုကို ဆန်(၁၂)ပြည်ပါဆန်အိတ်(၁) အိတ်နှင့် ဆီပိဿ(၁)ပိဿ စုစုပေါင်းဆန်(၅၀၀၀)အိတ်နှင့် ဆီ(၆၀၀၀)ပိဿ ငွေကျပ်သိန်း (၁၂၅၀)နှင့်တာမိုးညဲမြို့အတွက် လိုအပ်သည့်နေရာတွင်အသုံးပြုရန်ငွေကျပ်သိန်း (၁၉၀)တန်ဖိုးရှိသော လူနာတင်ယာဉ်တစ်စီးကိုဖြူစင် မေတ္တာ နာရေးကူညီမှုအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ခလရ (၂၉၀)မှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းမှ အသင်းဝင်များ၊ အခြေခံလူတန်းစားများ၊ ရွှေဖီအောင်ယဉ်မုန်းဝန်းမိခင်အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းမှ တာဝန်ရှိသူများ၊ တာမိုးညဲမြို့မန်ဂျယ်ပြည်သူ့စစ်(ဌာနေ)မှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။