တောင်ကြီး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်များ အလိုက် စတင်ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆) အုပ်စုကို တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် အားကစားခန်းမများတွင်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ အုပ်စုနှင့် ရွှေညောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများအား ရွှေညောင်မြို့၊ ရွှေညီလာခန်းတွင်လည်းကောင်း၊ အေးသာယာမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ အား အေးသာယာမြို့ မြို့လယ်ဓမ္မာရုံတွင် လည်းကောင်း၊ ကျောက်တလုံးကြီးမြို့နေ ပြည်သူ များအား ကျောက်တလုံးကြီးမြို့ အ.ထ.က(လုံကား)နှင့် အ.ထ.က (ကျောက်တလုံးကြီး) တို့တွင် လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ကြီးမြို့ အားကစားခန်းမတွင် (၁၄၀၀)ဦး၊ မြို့တော်ခန်းမ တွင်(၁၂၀၀)ဦး၊ အေးသာယာမြို့တွင်(၁၀၀၀)ဦး၊ ရွှေညောင်တွင် (၂၂၀၀) ဦးနှင့် ကျောက်တလုံးမြို့တွင် (၁၂၀၀)ဦး စုစုပေါင်း (၇၀၀၀) ဦးအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး(တောင်ကြီး)