ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ပထမအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV)ကို အခမဲ့ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှိုးဆော်

တံတား သြဂုတ် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ် ခေါင်း ကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် HPV ကာကွယ် ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

ထိုသို့ HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းသည် တံတားမြိုတွင် ပထမ အကြိမ်အဖြစ် စတင်ထိုးနှံ ပေးမှာဖြစ်ပြီး ပုံမှန် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင် (၁၃) မျိုး မြောက် ကာကွယ်ဆေးဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးကို ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက် (၉)နှစ်ပြည့်ပြီးမှ အသက် (၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေးဆရာမများထံတွင် စာရင်းပေးသွင်းကြရန် နှိုးဆော် ဆောင်ရွက် လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တံတားမြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်ထံမှ သိရသည်။

တင်နိုင်ဝင်း (တံတား)