နမ့်ခမ်းမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများနှင် သံဃာတော်များ (၁၄၀၆) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

နမ့်ခမ်း အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန်မှစ၍ အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် သံဃာတော်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပျောက်ကင်း စေရေးအတွက် နမ့်ခမ်းမြို့ရှိ အသက်(၁၈)နှစ်ထက် ပြည်သူများနှင့် သံဃာတော်များအား  ယနေ့နံနက်ပိုင်း (၉)နာရီအချိန်က နေရာ (၃)နေရာခွဲပြီး နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမတွင် ရပ်ကွက်(၁)(၂)မှ ပြည်သူများ (၃၀၇)ဦး၊ ဈေးအဖွဲ့(၁၅၀)ဦး၊  ပေါက်တင်မရပ်ကွက် လူငယ်ခန်းမတွင် ရပ်ကွက်(၇)မှ ပြည်သူများ (၅၄၉)ဦးနှင့်  အ.ထ.က(၁) ကျောင်း ခန်းမတွင် ရပ်ကွက်(၁၄)မှ ပြည်သူများ (၄၀၀)ဦး စုစုပေါင်း ပြည်သူ(၁၄၀၆)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ် ပြည့်သူများနှင့် နို့တိုက်မိခင်များ ထိုးနှံနိုင်ပြီး သွေးတိုးရောဂါရှိသူများအနေဖြင့် အလွန်အမင်း သွေးမတိုးသူများ၊ ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ကင်ဆာဝေဒနာရှင်များနှင့် ခုခံအားကျဆင်းရောဂါ ခံစားနေရာသူများမှ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်ဖြင့် ထိုးနှံပေးလျှက်ရှိပြီး ကာကွယ် ဆေးထိုးနှံရာတွင် ထိုးနှံရေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းတို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)