ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး

ကျိုင်းတုံ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်း ကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင်  RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရေးအတွက် မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူ ၃၀၄ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊ မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၄၂ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု နောင်လှကျေးရွာ၊ မိုင်းလပ် ကျေးရွာအုပ်စု ဝမ်မိုင်ဘုန်းတော်ကြီးကျောင်း၊ ယန်းလော ကျေးရွာအုပ်စု ယန်းလောနတ်စင်ဇရပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံ ကြီး၊ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)