ဒဂုံမြောက် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အမှတ် (၃၀) ရပ်ကွက်ရှိ ဆောင်းဟေမာန်အိမ်ရာနှင့် (၄၀)ရပ်ကွက်ရှိ မဟာမြိုင်အိမ်ရာတို့၌ ပြည်သူများ သန့်ရှင်း လတ်ဆတ်ပြီး စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံစီမံခန့်ခွဲမှုဌာန အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ယနေ့ နံနက် (၇)နာရီ အချိန်က လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် လိုင်စင်ခွင့်ပြုချက်ရယူထားသော အမဲ၊ ကြက်၊ ဝက်၊ ဆိတ်အသားများ အား မော်တော်ယဉ်များဖြင့် အမဲသား ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သား ၁ ကောင်လျှင် ၅၀၀၀ ကျပ်၊ ဝက်သား ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောဂါကူးစက်မှု မဖြစ်ပေါ် စေရေး မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ် အတွင်းရှိ အခြားသော ရပ်ကွက်များတွင်လည်း လိုက်လံရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
မြင့်မြင့်ရီ