ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာ ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်

ကျောက်တန်း ဩဂုတ် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဖြင့် လူနေမှု ပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရေး ရည်ရွယ်၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ ယနေ့အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျေးရွာလုံးကျွတ် ရွာတွင်း/ပြင် စုပေါင်း အမှိုက် ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျေးရွာတွင်း လှည့်လည်ပြီး အမှိုက်များကောက်ကြပါတယ်။ ၂၀၁၆ ခုနှစ်က တည်းက စကောက်ခဲ့တာပါ၊  အရင်ကတော့ တပတ်(၁)ကြိမ် ကောက်ကြတာပါ၊ အခုတော့  ကလေးတွေကအစ စည်းကမ်း လိုက်နာ လာကြတယ်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်လာကြတယ်၊ အမှိုက် ကောက်ရတာကို မရှက်ဘဲ အမှိုက်ပစ်ရတာကို ရှက်တတ်လာကြတယ်၊ တစ်ရွာလုံးကလည်း တက်ညီလက်ညီ ပူးပေါင်းလာကြတယ်၊ ကျွန်တော်တို့ ရွာက အမှိုက်ကင်းစင်ရွာအဖြစ် ကျောက်တန်းမြို့နယ်ရဲ့ စံပြဖြစ်လာခဲ့တယ်၊ ယခုဆိုရင်(၂)ပတ်(၁)ကြိမ်သာ ကောက်ကြရ တယ်” လို့ ဝဲကြီးကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်ဦးက ပြောကြားသည်။

ထိုသို့အမှိုက်ကောက်ရာတွင် SMU ကော်မတီကျေးရွာ အကျိုးပြု တွဲလက်ညီကိုအဖွဲ့၊ ရှေ့ဆောင်လမ်းပြ ပရဟိတအဖွဲ့နှင့် ကျေးရွာမှ သားငယ် သမီးငယ်လေးများက စုပေါင်းအမှိုက်ကောက်ကြကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)