မိုင်းဖြတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုထားသည့် မွေးလူနာနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ခွဲစိတ်မွေးဖွားပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရဲခေါင်နှင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးတို့က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုထားသည့် မွေးလူနာနှစ်ဦးကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ခွဲစိတ်မွေးဖွားပေးခဲ့ရာ အောက်တိုဘာလ ၅ ရက်နေ့တွင် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့သည့် တာလေမြို့နေ အသက်(၁၉)နှစ် အရွယ်ရှိ မွေးလူနာအား နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် (၆ပေါင်နှင့် ၆အောင်စ) ရှိ မိန်းကလေးအား လည်းကောင်း၊ ၄ ရက်နေ့တွင် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့သည့် မိုင်းဖြတ်မြို့နယ်၊ တာကျောက် ကျေးရွာနေ အသင်(၂၀)အရွယ်ရှိ မွေးလူနာအား မွန်းလွဲ ၁နာရီ ၁၀မိနစ်တွင် (၇ပေါင်နှင့် ၄အောင်စ)ရှိ မိန်းကလေးလည်းကောင်း အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မွေးလူနာမိခင်နှင့် ကလေးငယ်နှစ်ဦးတို့မှာ ကျန်းမာရေးအထူးကောင်းမွန်လျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)