စစ်တွေ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကိစ္စများ၊ ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ရမည့်ကိစ္စများ၊ ငြိမ်းချမ်းရေးကိစ္စများအပြင်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးနေသည့်ကိစ္စများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံမှု နည်းပါးခဲ့ရပါကြောင်း၊ ကိုဗစ်ကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက် ကောင်းမွန်နိုင်အောင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းသည် သိသိသာသာ ကျဆင်းလာသည်ဟု ဆိုသော်လည်း ကိုဗစ်နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များ၊ ညွှန်ကြားချက်များကို အမြဲလိုက်နာ ဆောင်ရွက်သွား ရမည့်အခြေအနေဖြစ်နေပါကြောင်း၊ မိမိတို့ပြည်နယ်သည် စက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ဆောင်နိုင်မှုနည်းပါးသော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကို ယခင်ထက်ပိုမိုကောင်းမွန်အောင် တတ်နိုင် သမျှကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းကာ ကြိုးစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲရှိလျင်လည်း ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြစေလိုကြောင်းနှင့် အစိုးရအဖွဲ့ အနေဖြင့် လည်း အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြို့ရွာများသန့်ရှင်း သာယာရေးဆောင်ရွက်နေမှု၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှု၊ ဆက်သွယ်ရေးလမ်းကြောင်းများ ဆောင်ရွက်နေမှု၊ အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်နေမှု၊ ပြည်နယ်အတွင်း သတင်း ထုတ်ပြန်ရေး လုပ်ငန်းများဆောင်ရွက်နေမှု စသည့်ကဏ္ဍများနှင့် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း ဆောင် ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)