ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် အောက်တိုဘာ ၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီ သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်ဦးစီမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက (၂၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရပ်ကွက်တွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅)ဦး၊ အသက်(၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၀)ဦး၊ စုစုပေါင်း (၅၅) ဦးကို One Stop Service နေ့ချင်းပြီး ဆောင်ရွက်ပေးရာ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်က လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက် ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီမှူး ဦးမြင့်ဇော်ထံမှ သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)