ရသေ့တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရသေ့တောင်    အောက်တိုဘာ              ၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အမှာစကားပြောကြားရာတွင် မကြာမီရက်ပိုင်းအတွင်း တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အား ထိုးနှံပေးသွားမည်ဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်ဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဌာနပိုင်အမည်ပေါက်မရရှိသေးသည့် ရုံးများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ဌာနပိုင်အမည်ပေါက်ရရှိရေး ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ယခုအချိန်ခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေး အတွက် မီးဘေးစီမံချက်များရေးဆွဲပြီး ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အစီမံများကို ရှင်းလင်း‌ပြောကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

အောင်စံထွန်း ( ပြန်/ဆက် )