ကမ္ဘာ့ဆရာ များနေ့အထိမ်းအမှတ် (ပထမအကြိမ်) မြတ်ဆရာပူဇော်ပွဲတွင် အငြိမ်းစားဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

မိုင်းနောင် အောက်တိုဘာ ၆

လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာ အထက်တန်းကျောင်း၏ (ပထမအကြိမ်) မြတ်ဆရာ ပူဇော်ပွဲတွင် ကန်တော့ခံ အငြိမ်းစား ရာမကြီး ဒေါ်နန်းခမ်းဖုန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။ မင်္ဂလာပါဆရာမကြီးရှင့်။

ဖြေ ။ မင်္ဂလာပါ သမီး။

မေး ။ ဆရာမကြီးရဲ့ အမည်၊ အသက်နဲ့နေရပ်လိပ်စာလေးကို သိပါရစေရှင့်။

ဖြေ ။ ဆရာမကြီးရဲ့အမည်ကတော့ ဒေါ်နန်းခမ်းဖုန်း ဖြစ်ပါတယ်။ အသက်က(၈၂)နှစ်ပါ။ အမှတ် (၃၀)၊ ဗိုလ်ချုပ်လမ်း၊ ရပ်ကွက် (၁) မိုင်းနောင်မြို့မှာနေပါတယ်။

မေး ။ ဆရာမကြီး ပင်စင်ယူခဲ့တာ ဘယ်လောက်ကြာပြီလဲရှင့်။

‌ဖြေ ။ ဆရာမကြီးက (၁ - ၇ - ၁၉၉၈) ခုနှစ်မှာ သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။

မေး ။ ပင်စင်မယူခင်ဘယ်ကျောင်းတွေမှာ တာ၀န်ထမ်းဆောင်ခဲ့ပါသလဲရှင့်။

ဖြေ ။ ၁၉၆၂-၆၃ ခုနှစ် တောင်ကြီးဆရာဖြစ်သင်တန်းဆင်းပြီး မိုင်းနန်းကျေးရွာအုပ်စု၊ မူလတန်းကျောင်းမှာ (၅) နှစ် တာ၀န်ထမ်းဆောင်ပြီး၊ ၁၉၆၇ ခုနှစ်မှာ ယခင်မိုင်းနောင် အခြေခံအလယ်တန်းကျောင်း၊ ယခုအခြေခံပညာအထက်တန်းကျောင်းမှာ ပင်စင်ယူတဲ့အထိ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

မေး ။ ပညာရေး၀န်ထမ်းအဖြစ်စတင်တာ၀န်ထမ်းဆောင်စဉ်ကစလို့ ပင်စင်ယူတဲ့အထိ ဆရာမကြီး ဖြတ်သန်းခဲ့ရတဲ့ အခြေအ‌နေကို ပြောပြပေးပါရှင့်။

ဖြေ ။ ဆရာမကြီးစတင်တာ၀န်ထမ်းဆောင်ခဲ့တဲ့ (၁ - ၉ - ၁၉၆၀) ခုနှစ်ကစပြီး ပြောရမယ်ဆိုရင် အဲဒီခေတ်က မိုင်းနောင်မြို့လေးဟာ ဝေးလံခေါင်ဖျားမြို့လေးဖြစ်လို့ ဆရာ/ဆရာမကလည်းနည်း၊ ကျောင်းသား/ကျောင်းသူအင်အားလည်း နည်းပါတယ်။ ကျောင်းအုပ်ကြီးအပါအ၀င် ‌ဆရာ/ဆရာမ (၆) ယောက်ပဲရှိပါတယ်။ အတန်းအားလုံးပေါင်း(၇)တန်းရှိလို့ ဆရာ/ဆရာမတွေ အတန်းလှည့်ပြီး သင်ရပါတယ်။ ဘာသာရပ်ပြဆရာရယ်လို့ သီးခြားမရှိပဲ ဆရာ/ဆရာမတွေအားလုံး ဘာသာစုံ သင်ရပါတယ်။ ဒီလိုသင်ရတဲ့အတွက်လည်း အားသာချက်ထက်အားနည်းချက်က ပိုများခဲ့ပါတယ်။ ဒေသစကားအခက်အခဲတွေ ကြောင့် တာ၀န်ကျနယ်ဝေးဆရာတွေ အရမ်းကိုကြိုးစားသင်ပြပေးရသလို ဒေသခံကျောင်းသားတွေလည်းကြိုးစားသင်ယူရတဲ့ အခြေအနေလေးတွေ ရှိခဲ့ပါတယ်။

မေး ။ ဆရာမဆိုတဲ့ဂုဏ်နဲ့အညီတပည့်သားသမီးတွေအပေါ် ထားရှိတဲ့စိတ်နဲ့ဖြစ်စေချင်တဲ့ အရာများ ရှိရင်ပြောပြပေးပါရှင့်။

ဖြေ ။ ဆရာမဆိုတော့ဆရာမလိုရောမိဘလိုပါ တပည့်လည်းသားသမီးနဲ့မခြားပါ။ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာအပြင်မေတ္တာ၊ ဂရုဏာတွေနဲ့ပါသင်ပြ၊ဆုံးမ ခဲ့ရတော့လည်း ရင်နဲ့အမျှ ချစ်ခဲ့ရတာလည်း တူတူပါ။ ဒါကြောင့် တပည့် သားသမီးတွေကိုပြောချင် မှာချင်တာက ကျောင်းခန်းထဲမှာမှ ဆရာရယ်လို့မသတ်မှတ်ပဲ အသက်ပြည့်လို့တာ၀န်က အအနားယူ သွားပေမယ့်လည်း ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီးရိုသေလေးစားပါ။ အသိအအမှတ်ပြုပေးပါ။ ခင်ပွန်းကြီးဆယ်ပါး မပြစ်မှားအောင် နေထိုင်ကြပါလို့မှာချင်ပါတယ်။

မေး ။ ဆရာမကြီးအနေနဲ့ခု ကျင်းပြုလုပ်တဲ့ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲမှာ ပါ၀င်ကန်တော့ခံရတဲ့ ၀မ်းသာစရာပီတိ စကားလေးပြောပေးပါလားရှင့်။

ဖြေ ။ ဆရာမကြီးအနေနဲ့ ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲမှာ သက်ကြီးဆရာမတစ်ယောက်အနေနဲ့ ကန်တော့ခံရတဲ့အတွက် တစ်ခုတော့တွေးမိပါတယ်။ အသက်ခန္ဓာရှိနေသေးလို့ ကံကောင်းထောက်မစွာ ကြုံခဲ့ရတာပါလားဆိုတဲ့ အသိလေးတစ်ခုရလိုက်ပါ တယ်။ တစ်ဆက်တည်းမှာပဲ ဖော်မပြနိုင်တဲ့၀မ်းသာ၊ ၀မ်းနည်းမှု ပီတိတွေလည်းဖြစ်ခဲ့ရတာပေါ့ကွယ် ဒါကြောင့်ဒီလိုအစဉ်အလာ ကောင်းတွေကို တပည့်သားသမီးတွေ အားလုံးလက်ဆင့်ကမ်းပြီး အမွေအနှစ်တစ်ခုလိုတန်ဖိုးထားကြပါ လို့ မှာချင်ပါတယ်။

မေး ။ ခုလိုပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာမကြီးရှင့်။

ဖြေ ။ ဆရာမကြီးအနေနဲ့လည်းပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ဆရာကြီးနဲ့တကွ ပါ၀င်ကူညီပေးတဲ့ ဆရာ/ဆရာမများအားလုံး အလှူရှင်များ အားလုံးနဲ့ အမေးအဖြေအစီအစဉ်လေးနဲ့ ကူညီဖြည့်ဆည်းပေးတဲ့ သမီးတို့ပြန်/ဆက်၀န်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ -ဒေါ်နန်းမီး

မနန်း(မိုင်းနောင်)