မိုင်းနောင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို (ပထမအကြိမ်) မြတ်ဆရာပူဇော်ပွဲတွင် အခြေခံပညာအထက်တန်း ကျောင်း၏ ပထမဆုံး လူရည်ချွန် နန်းအေးမြတ်နန္ဒာနှင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။
မေး ။ မင်္ဂလာပါသမီး။
ဖြေ ။ မင်္ဂလာပါရှင့်။
မေး ။ သမီးရဲ့နာမည် ဘယ်လိုခေါ်ပါသလဲ။
ဖြေ ။ သမီးရဲ့နာမည်ကတော့ နန်းအေးမြတ်နန္ဒာလို့ခေါ်ပါတယ်ရှင့်။
မေး ။ သမီးလေး လူရည်ချွန်ရရှိတဲ့ခုနှစ်၊ ကိုယ်စားပြုမြို့နယ်နဲ့ကျောင်းကိုသိပါရစေ။
ဖြေ ။ သမီးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျေးသီးမြို့နယ် ကိုယ်စားပြု အထက မိုင်းနောင်ကျောင်းကနေ လူရည်ချွန် အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်ရှင့်။
မေး ။ အထက မိုင်းနောင်ကျောင်းရဲ့ပထမဆုံး လူရည်ချွန် ဖြစ်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူစကားလေး ပြောပြပေးပါအုန်း။
ဖြေ ။ သမီးအနေနဲ့ အထက မိုင်းနောင်ကျောင်းရဲ့ပထမဆုံး လူရည်ချွန်ဖြစ်ခဲ့ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ သမီးတို့မြို့ဟာဆိုရင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ထဲမှာပါတဲ့ မြို့လေး တစ်မြို့ပဲ ဖြစ်ပါတယ်။ နယ်မြို့လေးဖြစ်လို့ ဆရာ/ဆရာမအင်အား ပြည့်စုံလုံလောက်မှုမရှိပေမယ့် တာ၀န်ကျ ဆရာ/ဆရာမတွေရဲ့ ကြိုးစားသင်ပြမှုတွေကို ရိုရိုသေသေ၊ အလေးအနက်ထား ကြိုးစား သင်ယူခဲ့ပါတယ်။ ကျောင်းသင်္ခန်းစာအပြင် ပြင်ပဗဟုသုတတွေပါ အချိန်ရသရွေ လေ့လာခဲ့ပါတယ်။ ကျန်းမာကြံ့ခိုင်ဖို့အတွက် သက်လုံကောင်းစေတဲ့အားကစားကိုလည်း အချိန်ပေးလုပ်ခဲ့ရပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်လာဖို့အတွက် ဘက်ပေါင်းစုံကနေ အစစအရာရာ အပြင်းအထန် ကြိုးစား ခဲ့ရပါတယ်။ ကြိုးစားမှုရလဒ်အနေနဲ့ ရရှိလာတဲ့လူရည်ချွန်ဆိုတဲ့ ဂုဏ်ပုဒ်အတွက် ကျောင်းကိုယ်စား၊ ဆရာ/ဆရာမများကိုယ်စား၊ မိဘများကိုယ်စား ဂုဏ်ယူ၀မ်းမြောက်ရပါတယ်လို့ ပြောချင်ပါတယ်ရှင့်။
မေး ။ ပထမဆုံးလူရည်ချွန်ဖြစ်ရတဲ့အပေါ် သမီးကို သွန်သင်၊ ဆုံးမ၊ သင်ပြပေးတဲ့ဆရာ/ဆရာမတွေကို ဘယ်လိုကျေးဇူးတင် စကားတွေ ပြောချင်ပါသလဲ။
ဖြေ ။ ဒီလို ပထမဆုံးလူရည်ချွန်ဖြစ်လာအောင် သမီးကိုစေတနာ၊ မေတ္တာတွေပေးပြီး သင်ပြပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးနဲ့ သမီးကိုအနီးကပ် ကြီးကြပ်ပေးတဲ့ မေမေ၊ သမီးရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတဲ့ ဖေဖေတို့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်။
မေး။ မြတ်ဆရာပူဇော်ပွဲမှာ မြတ်ဆရာသီချင်းနဲ့ သီဆိုဖျော်ဖြေဂုဏ်ပြုရတဲ့အတွက် သမီးရဲ့ ခံစားချက်လေးကိုပြောပြပေးပါအုန်း။
ဖြေ ။ သမီးငယ်ငယ်ကတည်းက ခုချိန်ထိ ပညာသင်ယူနေတဲ့ကျောင်း၊ သမီးရဲ့စိတ်ကူး ရည်မှန်းချက် တွေကို အောင်မြင်အောင် ပညာနို့ရည်တိုက်ကျွေးပေးတဲ့ ဆရာကြီး/ ဆရာမကြီးများ အားလုံး၊ ဆရာ/ဆရာမများအားလုံးနှင့် အဖက်ဖက်က ဝိုင်း၀န်းအားပေးတဲ့ ကျေးဇူးရှင်များအားလုံးကို ကမ္ဘာ့ဆရာများနေ့မှာတင်မဟုတ်ပဲ သမီးရဲ့ရင်ထဲမှာ အမြဲဦးထိပ်ထားဂါရ၀ပြုနေမှာ ပါ။ ယနေ့မှစလို့ ဒီကျောင်းတော်ကြီးမှာ ပညာသင်ယူနေသရွေ့ ဆရာ/ဆရာမများအတွက် ဂုဏ်ယူစရာတစ်ပည့်ကောင်း တစ်ယောက်အဖြစ် ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်းသူ -ဒေါ်နန်းမီး
မနန်း(မိုင်းနောင်)