လွိုင်လင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ အဖွဲ့များဖွဲ့စည်းကာ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ(၂၅)ဦး အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီက ရှောင်တစ်ခင်စစ်ဆေးမှုများကို မြို့လယ်လမ်းဆုံ မီးပွိုင့်အနီးတွင် ပြုလုပ်ရာ (၂)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်းသိရသည်။
လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ထိစပ်မိသူများ၊ အသွားအလာကန့်သတ်ထားရှိသူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့်သော်လည်းကောင်း၊ PCR နည်းဖြင့် လည်းကောင်း ပုံမှန်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ နောက်ဆုံးပတ်မှ အောက်တိုဘာလ ပထမပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ နေ့စဉ်များပြားလာခြင်းကြောင့် ယခုကဲ့သို့ ရှောင်တစ်ခင်စစ်ဆေးမှုများပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယနေ့ နံနက်(၆)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေအိမ်များနှင့် ဆက်စပ်ဧရိယာလမ်းများတွင် Simi Lock Down အသွားအလာကန့်သတ်ထားခြင်းကို နှစ်ပတ်ကြာ ပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများကို ကွင်းဆက် ဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် မြို့မဈေးကြီးကိုလည်း နေ့စဉ် နံနက်(၇)နာရီ မှ နံနက်(၁၀)နာရီအထိသာ ဖွင့်လှစ် ခွင့်ပြုထားမည်ဖြစ်ကြောင်း သို့မှသာ လွိုင်လင်မြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို လျော့ချနိုင်မည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ယနေ့ ရှောင်တစ်ခင်စစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ဟိန်း နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေး ဌာန နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
လွိုင်လင်မိုး