ဒဏ်ငွေမဆောင်သောသူများအား မိမိစရိတ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေး

ပင်လုံ အောက်တိုဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် Mask တပ်ဆင်ထားခြင်းမရှိဘဲ သွားလာ နေကြသူများအား ဒဏ်ငွေ (၃၀၀၀၀) ကျပ် သုံးသောင်းကျပ် ဒဏ်ရိုက်ခြင်း၊ ဒဏ်ငွေ (၃၀၀၀၀) ကျပ် မပေးဆောင်သူမျာအား မိမိတို့၏စရိတ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ စစ်ဆေးစေခြင်းအား ယနေ့နံနက် (၉) နာရီအချိန်က ပင်လုံမြို့ လမ်းမတော်လမ်းမကြီးပေါ်၌လည်းကောင်း၊ မဟာရဌာဘိသာမဂ္ဂီ စေတီတော်ဘုရားဝန်းရှေ့၌ လည်းကောင်း၊  ပင်လုံမြို့မဈေး၌လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လွိုင်လင်မြို့နယ်စည်ပင်သာရေးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့၊ ပင်လုံမြို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဉက္ကဋ္ဌ ပင်လုံမြို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပင်လုံမြို့ကျန်းမာရေး ဝန်ထမ်း များနှင့် ပူးပေါင်းအဖွဲ့များသည် လမ်းမတော် လမ်းမကြီးပေါ်၌လည်းကောင်း၊ မဟာရဌာဘိသာမဂ္ဂီ စေတီတော်ဘုရားဝန်း ရှေ့၌လည်းကောင်း၊ ပင်လုံမြို့မြို့မဈေးတွင်လည်းကောင်း Mask မတပ်ဘဲ သွားလာနေကြသူများကို ကိုဗစ်-၁၉ ပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်း ဒဏ်ရိုက်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှောင်တခင်စစ်ဆေးမှုတွင် Mask မတပ်ဘဲ လမ်းမတော်လမ်းမကြီးပေါ်တွင် သွားလာနေကြသူ (၄၇) ဦး၊ ပင်လုံဈေး အတွင်းတွင် (၉) ဦး စုစုပေါင်း (၅၆) ဦးတွင် ဒဏ်ငွေ (၃၀၀၀၀) ကျပ် ပေးဆောင်သူ (၃) ဦး၊ ကိုဗစ်-၁၉ ပိုးရှိ/မရှိ RDT Test Kit ဖြင့် (၅၃) ဦးအား စစ်ဆေးပေးခဲ့ရာ (၅၃) ဦးလုံး ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်၊ပင်လုံ)