လင်းခေး အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသူ တိုင်းနှင့်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံခြင်းမပြုရသေးသောပြည်သူများ၊ အသက် ၁၂နှစ်အထက်ကျောင်းသားကျောင်းသူ ကလေးသူငယ်များအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လင်းခေးမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ခေတ္တဥက္ကဌဗိုလ်မှူးဟိန်းဝင်းဇော်က အဖွင့် အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ကျင်းပရခြင်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက မြို့နယ်အတွင်းရှိအသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံပြီးပါကြောင်းQRCodeလက်မှတ်များ ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးပိုမိုထိရောက်စေနိုင်ရန်ပြည်သူတစ်ရပ်လုံးကာကွယ်ဆေးထိုး နှံသွားကြစေ ရန်တိုက်တွန်း လိုပါကြောင်း၊ မြို့နယ်အတွင်း ရှိပြည်သူများအပါအဝင်၊ ခရီးသွားလာမှုပြုကြသောပြည်သူများအားလုံး ကျန်းမာရေးစစ်ဆေးပြီးစီးမှုနှင့် QR Codeရရှိပြီးမပြီးတို့ကို မြို့နယ်ကိုဗစ်ကော်မတီက စစ်ဆေးသွားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အောက်တိုဘာ လ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးခြင်းစုရပ်များအလိုက်နေ့စဉ် နံနက်၉နာရီမှ နေ့လည်၁၂နာရီအတွင်း ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ အသက်၁၂နှစ် အထက်ကျောင်းသားကျောင်းသူကလေးသူငယ်များကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များ၊ မိမိတို့ရပ်ကွက်ကျေးရွာများအလိုက် ကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းအတွက် လိုအပ်မည့်ဆေးပစ္စည်း သယ်ဆောင်ရေးကိစ္စများ၊ Volunteerများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားနိုင်ရေးနှင့် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်တွင် စုရပ်အသီးသီးသို့ ပြည်သူများအချိန်နှင့်တစ်ပြေးညီလာရောက် ထိုးနှံနိုင်ကြစေရေးအတွက် ရပ်ကွက်၊ကျေးရွာ၊ ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများကဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားနိုင်ရေး၊ကာကွယ်ဆေးထိုးနှံပေးသွားမည့်စုရပ်နေရာများ၊နေ့ရက်များတို့ကို မြို့နယ်ကိုဗစ်ကော်မတီနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်း လိုက်ပါသည်။
အစည်းအဝေးသို့ မြို့နယ်ကိုဗစ်ကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
လင်းခေးမြို့နယ်အနေဖြင့် ယခုအပတ်တွင်ပြည်သူ(၁၀၀၀၀)ဦးအတွက်ကာကွယ်ဆေးရရှိခဲ့ပြီး(၇-၁၀-၂၀၂၁)ရက်နေ့မှ(၁၁-၁၀-၂၀၂၁)ရက်နေ့အထိ မြို့ပေါ်၈ရပ်ကွက်၊ ဝမ်ဟတ်၊နားကုန်း၊ ဝမ်စလောင်း၊ တာဆွတ်တိန်း၊ ဝမ်စစ်၊ ဟိုင်းကွေ့၊ နောင်လုံ၊ ပုန်းထွန်၊လွိုင်လုံပန်တဝိကျေးရွာအုပ်စုနှင့် ဟွေနိမ့်ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာအုပ်စုများရှိ အဆိုပါပြည်သူလူထုတို့အား စုရပ်(၅)နေရာထားရှိ၍ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းကာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)