ရပ်စောက် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းငန်းများကို အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကျေးရွာနေပြည်သူများအား (RDT)Test Kit ဖြင့်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးပေးရာတွင် ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ၁၁မိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၁၁မိုင်ကျေးရွာနှင့် ရေဝန်ကျေးရွာတို့မှ ဒေသခံပြည်သူ (၂၇၄)ဦးအား (RDT)Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ (၂၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရသဖြင့် ပိုးတွေ့ လူနာများအား တာဝန်ရှိသူများမှ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချု်ပ၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)