ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း၊ ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယာဉ်ထိခိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန်အတွက်  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲအထိ  မြို့မစည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်မိုး ဦးစီးသည့်ရဲတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် အမှတ် (၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် သျှန်အောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄) ဦး စုစုပေါင်း (၁၅) ဦးဖြင့် မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ငယ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်ထိခိုက်သေဆုံးမှူ (၃) နှစ်စာနှိုင်းယှဉ်ချက်၊ လမ်းဖြတ်ကူးစဉ်လိုက်နာရမည့်အချက်များ၊ ယာဉ်မောင်းစဉ်ဆောင်ရွက်သင့်သည့်အချက်များနှင့် ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များနှင့် ယာဉ်မောင်းသူလိုက်နာရမည့် စည်းကမ်းများအပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) ပါ ပြဌာန်ချက်များကို ထည့်သွင်းဖော်ပြထားကြောင်းသိရပြီး၊ စောင်ရေ (၆၀၀) ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဆိုင်ကယ်စီးနင်းရာတွင် နေ့/ညမပြတ် ရှေ့မီးအနိမ့်ကို ဖွင့်လှစ်မောင်းနှင်ကြရေးပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)