မလှိုင် အောက်တိုဘာ ၆
မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ် (ပထမအသုတ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆး (Sinopharm) အား ယမန်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် ရာနှုန်းပြည့် ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် ထံမှ သိရသည်။
မလှိုင်မြို့နယ်အနေဖြင့် ဆေး (၁)လုံးလျှင် (၅) ဦးနှုန်း ထိုးနှံရသော ကာကွယ်ဆေး (၃၅၈၈) လုံး၊ လူဦးရေစုစုပေါင်း (၁၇၉၄၀) ဦးအတွက် ဆေးခွဲတမ်းရရှိခဲ့ပြီးနောက် စက်တင်ဘာလ (၂၃) ရက်မှ စတင်၍ ဆေးထိုးနှံအဖွဲ့ (၅) ဖွဲ့ဖြင့် စုရပ်နေရာ အသီးသီးတွင် ဦးတည်အုပ်စုအလိုက် ဆေးထိုးနှံခဲ့ရာ ယမန်နေ့တွင် ကျား(၇၃၆၀)ဦး၊ မ(၁၀၅၈၀)ဦး၊ စုစုပေါင်း (၁၇၉၄၀)ဦးထိုးနှံနိုင်ခဲ့ကြောင်း သိရှိရပါ သည်။
အဆိုပါ ထိုးနှံပြီးစီးခဲ့သော လူဦးရေ (၁၇၉၄၀) ဦးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက် အတိုင်း ဒုတိယအသုတ် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတို့မှ ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) စနစ်အတွင်းသို့ စနစ်တကျ စာရင်းထည့်သွင်းပြီး ဆေးထိုးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့စ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကာ ယမန်နေ့အထိ ပိုးတွေ့လူနာ(၇၂၅)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၆၅၉)ဦး၊ ကုသဆဲလူနာ(၅၁)ဦး၊ သေဆုံးသူ(၁၅)ဦး၊ အခြား ရောဂါဖြင့် သေဆုံးသူ(၄၉၈)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အောင်ဌေး(မလှိုင်)