ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက (၉၁၈)ဧက စိုက်ပျိုးထားပြီး သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့ သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက် ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး သိရသည်။
ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းနှင့် နှစ်ပင်တန်းဟူ၍ စိုက်ပျိုးနည်းနှစ်မျိုးရှိရာ (၂)ပင်တန်းနည်းဖြင့် စိုက်ပျိုးမည်ဆိုက မြေတစ်ဧကတွင် အပင်ရေ(၈၀၀)ခန့်ဝင်ဆန့်ကြောင်း၊ ရောင်းချရာတွင် ငှက်ပျော(၆) ဖီးပါ ငှက်ပျောအခိုင်(၄၀)အား လှည်းတစ်စီးအဖြစ်သတ်မှတ်ပြီး ရောင်းချရကြောင်း၊ ငှက်ပျောတစ်ဧက တွင် ပျမ်းမျှ လှည်းအစီးရေ(၁၃)စီးမှ (၁၈)စီးအထိ ထွက်ရှိကြောင်းနှင့် ရောင်းဈေးအနေဖြင့် ငှက်ပျော အခိုင်လှပမှုနှင့် နယ်မြေဒေသအပေါ်မူတည်ကာ ငှက်ပျောလှည်းတစ်စီးအား ငွေကျပ် (၈၀၀၀၀)ကျပ်မှ ငွေကျပ်(၁)သိန်းခွဲအထိ ဈေးအမျိုးမျိုးရောင်းချရကြောင်း ရဲကြီးကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးဝင်းစိုးက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ငှက်ပျောစိုက် တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျော အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးဦးရာသီ၌ ပိုမိုစိုက်ပျိုးကြကြောင်း “မိုးဦးရာသီစိုက်တော့ စတင် စိုက်ချိန်က စပြီး မိုးရေကြောင့် အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် အခိုင်ထွက်ရာတွင် ညီညာမှု ရှိစေရန်အတွက် အပင်တစ်လကျော်အရွယ်တွင် ပင်စည်အမြင့်(၃)ပေချန်ကာ အပေါ်ပိုင်းများအား ဓားဖြင့်ခုတ်ပေးရကြောင်း၊ ရောင်းချရာတွင် ငှက်ပျောတစ်ဖီးလျင် ငွေကျပ်(၅၀၀) ရောင်းချရကြောင်း သင်ပျိုကျေးရွာမှ တောင်သူဦးပေါသိန်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)