သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိ

သီပေါ  အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက်အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသွားရောက်ခြင်းမပြုရန်၊အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ   ဆေးကြော ရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊သက်ကြီးရွယ်အိုများ၊ဆီးချို၊သွေးတိုး၊နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။     

သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၄၈၀)ဦး ရှိပြီး သေဆုံးသူ(၈၉)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၈၀)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)