သီပေါ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားကာ သေဆုံးမှုများ ရှိနေသောကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ (၁၂-၇-၂၀၂၁)ရက်နေ့မှစတင်၍ Stay At Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော မြို့မဈေး၊ ဝက်ဝံ ပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့အား (၁၃-၇-၂၀၂၁)ရက်နေ့ မှ (၇-၉-၂၀၂၁)ရက်နေ့အထိတစ်ကြိမ်၊ (၈-၉-၂၀၂၁)ရက်နေ့မှ (၂၀-၉-၂၀၂၁)ရက်နေ့အထိ တစ်ကြိမ်၊ (၂၁-၉-၂၀၂၁)ရက်နေ့မှ (၃၀-၉-၂၀၂၁)ရက်နေ့ အထိ တစ်ကြိမ်၊ (၁-၁၀-၂၀၂၁)ရက်နေ့မှ (၅-၁၀-၂၀၂၁)ရက်နေ့အထိတစ်ကြိမ်၊ စုစုပေါင်း (၄)ကြိမ် ယာယီ ပိတ်ထားရန် သတ်မှတ် ကြေညာခဲ့ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ရောဂါကူးစက်မှုလတ်တလောအခြေအနေအရ သီပေါမြို့နယ်အား Pilot Project မြို့နယ်အဖြစ်သတ်မှတ်ထားရှိသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သီပေါမြို့နယ်စည်ပင်သာယာရေး လက်အောက်ရှိ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိသော မြို့မဈေး၊ဝက်ဝံပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့အား (၆-၁၀-၂၀၂၁)ရက်နေ့မှစ၍ ရက်အကန့်အသတ် မရှိ ဆက်လက် ယာယီပိတ်သွားမည် ဖြစ်ကြောင်းမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ခင်လေး( သီပေါ၊ပြန်/ဆက်)