အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူလူထု၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သည့် သစ်တောထွက်ပစ္စည်းများဖြည့်ဆည်းပေနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်း ခြောက်သွေ့မိုးနည်းရပ်ဝန်းဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူလူထု၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့် ဆည်းပေးရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့်ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသခံပြည်သူများသိရှိနားလည်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်အတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ရေရရှိရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိလျက်ရှိသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မိတ္ထီလာ မြို့နယ်အနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် မိုးရာသီတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအနေဖြင့် ဒေသခံပြည်သူလူထူရဲ့ အခြေခံလိုအပ်ချက်များဖြစ်သည့် သစ်၊ တိုင်း ၊ မျော ၊ ထင်း အစရှိတဲ့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ တွင် ပျိုးပင်ပေါင်း (၂၇၀၀၀)ပင်၊ ရေမြေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသ စိမ်းလန်း စိုပြည် သာယာလှပစေရန် အခြားစိုက်ခင်း ၂၅ ဧကတွင် ပျိုးပင်ပေါင်း ၃၀၂၅၀ ပင်နှင့် တစ်အုပ်တစ်မစိုက်ခင်း (အထူးစိမ်းအပင်ကြီး) ၅၀၀၀ ပင် တို့ကို ဇွန်လက စိုက်ပျိုးထူးထောင်ပြီးစီးပြီဖြစ်ရာ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်  မိုးရာသီတွင် ဖလံကျင်းသစ်တောကြိုးဝိုင်း၊   ကုန်တန်းသစ်တောကြိုးဝိုင်းတို့ တွင် ကျေးရွာသုံးစိုက်ခင်းဧက ၅၀နှင့် အခြား စိုက်ခင်း(၂၅)ဧက တို့တွင် ပိတောက်၊ ယူကလစ်၊ မြန်မာကုက္ကို၊ ဒဟတ်၊ မြင်ဝါး၊ ရင်းမာ၊ ဖျောက်ဆိပ်၊ တမာ၊ ရှားစသည့် ပျိုးပင်ပေါင်း ၆၂၂၅၀ ပင်ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

၎င်းအပြင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် အသုံးချဆောင်ရွက်ခြင်းအနေဖြင့် ကျေးလက်နေ ပြည်သူလူထုတို့အတွင်း သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနားလည် ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာနှိုးကြားစေရေးအတွက် ထင်းအစား စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး ဇရပ်ကုန်း၊ ရေဝေ၊ ဆပ်ပြာကျင်း၊ တပျော်၊ မုန်တိုင်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများတွင် လူထုပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပြီး စွမ်းအားမြှင့်မီးဖို (၉၉၄)လုံးကို   အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ယင်းအပြင်  ရေရရှိရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအနေဖြင့် ဆည်၊ ကန်၊ ချောင်း များအတွင်း နုန်းအနည်းပို့ချခြင်းမှ ကာကွယ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က ကျောက်စီနုန်းထိန်း တမံငယ်(၃)ခု တည်ဆောက်ခြင်းနှင့် သဲတောလေးကျေးရွာတွင် ဂါလံ(၅၀၀၀)ဆံ့ မိုးရေစုကန် တည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ သောက်သုံး ရေရှားပါးသည့် ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာတွင် ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် အလုံး(၁၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)