စဉ့်ကိုင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးကောင်းကျေးရွာအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ လူမှုရေး အသင်းအဖွဲ့များ ယနေ့ နံနက် (၉) နာရီက မိုးကောင်းကျေးရွာအတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခြင်းများ၊ (Mask ) များ အခမဲ့ဖြန့် ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်မှုမခံရစေရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး နေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိက လည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လေ၀င်လေထွက်မကောင်းသော အခန်းများ ကို ရှောင်ရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံစားနေရသည် ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူများအားလုံး လိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၃)နာရီ အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ (၅)ရက်နေ့အထိ (၇၅၅၀) ဦး ထိုးနှံပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)