ကျောက်မဲ အောက်တိုဘာ ၆
မေး။ ဆရာကြီး မင်္ဂလာပါရှင့် ။ ဆရာကြီးရဲ့ အမည် ၊ အသက် ၊ နေရပ်လိပ်စာလေးကိုပြောပြ ပေးပါအုံးရှင်။
ဖြေ။ ဆရာ့အမည်ကတော့ ဦးစိုင်းနော်ခမ်းဦး ဖြစ်ပါတယ်။ အသက် ( ၆၄ ) နှစ်ရှိပါပြီ။ ကျောက်မဲမြို့အမှတ်(၈) ရပ်ကွက်မှာနေထိုင်ပါတယ်။
မေး။ ဆရာကြီး ပင်စင် ယူခဲ့တဲ့ကာလက ဘယ်အချိန်လောက်ဖြစ်မလဲရှင် ။
ဖြေ။ ၂၀၁၀ ခုနှစ် ၊ ဩဂုတ်လကတည်းက ပင်စင်ယူခဲ့ပါတယ်။
မေး။ ဆရာကြီး ဘယ်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါသလဲရှင်။
ဖြေ။ မူလတန်းပြဆရာ ဘဝမှစပြီး အလယ်တန်းပြ ၊ အထက်တန်းပြအထိ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ တွဲဘက်အလယ်တန်းကျောင်းနဲ့အထက(၁) ကျောက်မဲတို့မှာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးအငြိမ်းစားယူခဲ့ပါတယ်။
မေး။ ဆရာ့ကျင့်ဝတ်နဲ့တပည့်ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးလဲရှင်းပြပေးပါအုံးရှင်။
ဖြေ။ ဆရာ့ ကျင့်ဝတ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရရင် ပြည်သူ့နီတိမှာ ဆိုရိုးရှိထားတဲ့ ကျင့်ဝတ် ငါးဖြာဆိုတာ အတော်ခြုံငုံပြည့်စုံပါတယ်။ “အတတ်လည်းသင် ၊ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ ”ဆိုတာပေါ့။ တပည့်ကျင့်ဝတ်နဲ့ပတ်သက်လို့လည်း နီတိတွေထဲက အတိုင်း “ ညီညာထကြွ ၊ ဆုံးမ နာယူ ၊ လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး ၊ သင်တွေးအံရွတ် တပည့်ဝတ် ” တဲ့။ အကုန် ပြည့်စုံစလောက်ပါဘဲ။
မေး။ ဆရာ တာဝန် ထမ်းဆောင်စဉ် ကာလတုန်းက တပည့်လေးတွေကို ဆုံးမခဲ့တဲ့ဩဝါဒ လေးတွေကို သိချင်ပါတယ် ရှင်။
ဖြေ။ ဆရာအဖြစ် တာဝန်ထမ်းဆောင်တော့ ပုံဝိုးတွဲဘက် အလယ်တန်းကျောင်းမှာ စတင်တာဝန်ကျတာပေါ့နော် အဲဒီတုန်းက ကျေးရွာကကလေးတွေဟာ ၅ တန်း ၆ တန်း လောက်ရောက်ရင် ပညာရေး ပြီးဆုံးပြီလို့ ယူဆပြီး ကလေးအများစုရဲ့ဘဝလေးတွေဟာ လယ်တောထဲမှာပဲ ပြီးဆုံးကြတယ် ဒါကြောင့်ဆရာ က ကလေးတွေကို လောကမှာ ပညာဟာ တန်ဖိုးအရှိဆုံးအလင်းရောင်ဖြစ်တယ်ပညာရေးကို ဆုံးခန်းတိုင်အောင် တတ်မြောက်စေချင်ပါတယ် ပညာကို ဆုံးခန်းတိုင်အောင်သင် သင်ယူကြဆိုပြီး ပညာရေးကို အဓိကထားပြီးတော့ ဆိုဆုံးမခဲ့ပါတယ် ဆရာကြီး မြို့ပေါ်ကျောင်းကို ရောက်လာတဲ့အချိန်မှာတော့ ကလေးတွေ စာတတ်ရုံသက်သက် မဟုတ်တော့ပဲ လူမှုဘဝနေထိုင်ဖို့ အပြောအဆို ကိုယ် အမူအယာ၊ နှုတ်အမူအယာ၊ ပေါင်းသင်းဆက်ဆံရေးကအစ လိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ ၊ ကိုးကွယ် ယုံကြည့်မှုဆိုင် ရာ ဘာသာ တရားတွေ အစရှိတဲ့ ဆုံးမသွန်သင်မှု ၊ လမ်းညွှန်မှု တွေကို လိုအပ်သလို ဘက်စုံတတ်မြောက် အောင် သင်ကြားပေးခဲ့ပါတယ် ထူးခြားတာက ကလေးတွေဟာ စာသင်ရုံသက်သက်မဟုတ်ပဲ အဲဒီလို ပြင်ပဗဟုသုတ လူမှုရေးဗဟုသုတလေးတွေကိုပါ တွဲပြီးသင်ပေးတဲ့အခါ ကလေးတွေဟာ သင်ကြားမှုအပေါ် အာရုံ စူးစိုက်မှုပိုကောင်း လာတယ် အဲဒီတော့ ဒီကလေးတွေ ပြင်ပလောက ရောက်သွားတဲ့အခါလူမှုရေးအပိုင်းမှာ အားကောင်းတဲ့သူတွေ ဖြစ်လာပါတယ် ဆရာအနေနဲ့ ကလေးတွေကို စာသင်ရုံသက်သက် မဟုတ်ပဲ လူမှုရေးအပိုင်းတွေပါ ဝမ်းစာပြည့်အောင် သင်ကြားပြသ ဆုံးမ ဩဝါဒပေးခြင်းတွေကိုပါ လုပ်ခဲ့ပါတယ်။
မေး။ ဆရာ့အနေနဲ့တပည့်လေးတွေကို လိမ္မာရေးခြားရှိအောင် တပည့်ကျင့်ဝတ်နဲ့အညီ နေထိုင်နိုင်အောင် ဆိုဆုံးမခဲ့တာကိုလည်း သိခဲ့ရပါတယ် ဆရာ့စကားကို နားထောင်ပြီး အောင်မြင်နေတဲ့ အမှတ်ရစရာ တပည့်များရှိရင် သိချင်ပါတယ်ဆရာ။
ဖြေ။ အများကြီးပေါ့ ကျောင်းဆရာသက်တမ်း နှစ် ၃၀ လောက် လုပ်လာလာတဲ့အခါမှာ ဆိုးတာရော ကောင်းတာရော ကြုံဖူးခဲ့တာပေါ့နော် အချို့ဒေသတွေမှာ ဆိုးတဲ့တပည့်တွေနဲ့လည်းကြုံဖူးခဲ့ပါတယ် အလားတူပဲ လိမ္မာရေးခြားရှိတဲ့တပည့် တွေလဲ အများကြီးရှိပါတယ် ထင်မှတ်မထားရလောက်အောင် မြင့်မားတဲ့ တာဝန်တွေနဲ့တာဝန်ထမ်းဆောင်နေပြီး လူထုအတွက် တိုင်းပြည်အတွက် အကျိုးပြုနေတဲ့ တပည့်တွေလည်း အများကြီးရှိပါတယ် စီးပွားရေး နယ်ပယ်မှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ တပည့်လေးတွေ အများကြီးရှိပါတယ် အဲ့ဒီအထဲက ထုတ်နှုတ်ပြောဖို့ ခက်ပါတယ် ။
မေး။ အဲ့ဒီလို အောင်မြင်နေတဲ့တပည့်လေးတွေနဲ့ တွေ့ရကြုံရတိုင်း ဆရာ့ရဲ့ ရင်ထဲက ခံစားချက် တွေကို သိပါရစေ ဆရာ။
ဖြေ။ အောင်မြင်နေတဲ့ကလေးတွေကို တွေ့ရတဲ့အခါမှာ အမှန်တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ် သူတို့ဘဝ၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ စီးပွားရေးအတွက်လည်း စိတ်အေးရတယ် တစ်ခါတစ်ရံ သူတို့လေးတွေဟာ ဆရာကို အမှတ်ရပြီးတော့ လာကန်တော့ကြတဲ့အခါ သူတို့တွေကို ကိုယ်ပြုစု ပျိုးထောင်ရကျိုးနှပ်တယ် ပင်ပန်းရကျိုးနှပ်တယ်ဆိုတဲ့ အကြောင်း ၊ သူတို့ရဲ့နယ်ပယ်မှာရှိတဲ့ သားတပည့်တွေကိုလည်း လိမ္မာရေးခြားရှိအောင် ဆက်ပြီးပြုစုပျိုးထောင်ပေးပါဆိုတဲ့အကြောင်း မှာကြားရင်း ဖြစ်ရတဲ့ပီတိဟာ ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်ရပါတယ်။
မေး။ ဆရာကြီးရှင် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ ဆရာ / ဆရာမတွေရဲ့ အခန်း ကဏ္ဍ ဘယ်လောက်အရေးပါသလဲဆိုတာကိုလဲ သိချင်ပါတယ်ရှင်။
ဖြေ။ ဆရာတွေရဲ့အခန်းကဏ္ဍက အရေးကြီးတာပေါ့ ဒေဝဒတ်ကိုဆရာတင်မှားခဲ့တဲ့ အဇာတသတ်ဖြစ်စဉ်ကိုကြည့်ရင်သိနိုင်ပါတယ် ဆရာတွေရဲ့အခန်းကဏ္ဍက တပည့်လေးတွေရဲ့ ဘဝရှေ့ရေးနဲ့အများကြီးသွားပြီးသက်ဆိုင်ပါတယ်။ ကလေးဆိုတာမျိုးက အတုခိုးတတ်တဲ့ပုဂ္ဂိုလ် နောက် သူတို့ရဲ့စံပြ ပုဂ္ဂိုလ်ကို ရှာဖွေနေတာဆရာတို့ မူလတန်းဆရာဘဝကဆိုလျှင် ကလေးတွေရှေ့ ဆေးလိပ်မသောက်ရဲဘူး ၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ မပြောရဲဘူး ကလေးတွေအတုခိုး မှားမှာစိုးလို့ ကျောင်းခန်းထဲ စဝင်တဲ့အခါလဲ ဆရာကိုယ်တိုင် လက်အုပ်ချီပြီး မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အခါ သူတို့လေးတွေလဲ လက်အုပ်ချီပြီး ပြန်နှုတ်ဆက်တတ်လာတယ် ဆရာ/ဆရာမ တစ်ယောက်ရဲ့ သင်ကြားမှုများဟာ ဒီကလေးတွေ လူလားမြောက်ပြီး ကျောင်းပြင်ပ ဘဝရောက်တဲ့အထိ ရိုက်ခတ်ပါတယ် ဒါကြောင့်ဆရာသမားတွေရဲ့ အခန်းကဏ္ဍ ဂာ အလွန်အရေး ကြီးပါတယ်။
မေး။ ကမ္ဘာ့ဆရာများနေ့ဆိုပြီး အောက်တိုဘာလ ၅ ရက်နေ့ကို သတ်မှတ်ထားတာရှိပါတယ် အဲ့ဒီနေ့နဲ့ ပတ်သက်ပြီး သတိထားမိတဲ့ နှစ်အပိုင်းအခြားလေးတွေ အမှတ်ရစရာလေးတွေရှိရင် သိချင်ပါတယ်ဆရာ။
ဖြေ။ ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေကို မတက်ရောက်ခဲ့ရဖူးဘူးလို့ ရိုးသားစွာ ဝန်ခံပါရစေ ဆရာတို့သိရတဲ့အပိုင်းကတော့ ဝါကျွတ်ကာလ ကလေးတွေ လာကန်တော့ ကြတယ် ကလေးတွေအချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး ကော်မတီလေးတွေဖွဲ့ကာ အာစရိယ ပူဇော်ပွဲတွေလုပ်ပေးတယ် အဲ့ဒီလိုပုံစံလေးတွေနဲ့ပဲ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဖေါ်ထုတ်ကြတယ်လို့ပဲသိတယ် အခုလို အစရိယ အနွယ်ဝင် ဆရာသခင်တွေကို ရက် သတ်သတ်မှတ်မှတ် သတ်မှတ်ပြီးတော့ ဂုဏ်ပြုကြတာကို အခုမှပဲ သိရတာပါလို့ ရိုးသားစွာ ဝန်ခံပါတယ်။
မေး။ အခုလိုပြည့်ပြည့်စုံစုံနဲ့ဖြေကြားပေးတဲ့အတွက်ဆရာကြီးကိုကျေးဇူးတင်ပါတယ်ရှင်။
ဖြေ။ ဆရာကြီးအနေနဲ့လည်း အခုလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အင်တာဗျူးမှာ ပြောဆိုဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေဇူးတင် ဝမ်းမြောက်မိပါတယ်။
ဒေါ်နှင်းရည် (ပြန်/ဆက်)