တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု နောက်ဆုံးနေ့ အဖြစ် စိစစ်ခြင်းပြုလုပ်

တောင်ငူ  ဩဂုတ်  ၁၇

၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို  ယနေ့နံနက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ နောက်ဆုံးနေ့ အဖြစ် စိစစ်ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် (၇)ဦး က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း မဲဆန္ဒနယ် အမှတ် (၂) နေရာ အတွက် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦး အား  အမည်တင်သွင်းလွှာ တင်သွင်းသူများ၏ ရှေ့မှောက်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်း တင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ မွေးသက္ကရာဇ် တို့ မှန်ကန်ခြင်းရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှု နှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိ များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက် များအတိုင်း စိစစ် ခဲ့ကြောင်း သိသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းတွင် တောင်ငူခရိုင်အတွင်း နိုင်ငံရေးပါတီ (၁၅)ပါတီ၊  တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု (၁)  ဦး ရှိပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းအတွက် (၁၂) ဦး၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းသူ (၃၀)ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၈) ဦးအား တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စား လှယ် လောင်း (၃၈) ဦးကို တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ စိစစ်ပြီးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တောင်ငူခရိုင် အနေဖြင့် ဆန္ဒမဲ ပေးနိုင်ရန် မဲရုံပေါင်း ၉၇၁ ရုံ လျာထား ထားရှိဆောင်ရွက်ထားကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၁၁၈ ဦး ရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)