မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ပြီး ပိုးတွေ့လူနာ(၁၇၆)ဦးအထိ ရှိလာ

မိုင်းလုံ  အောက်တိုဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံတွေ့ရှိ ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ  တာဝန်ရှိသူထံက သိရသည်။

မိုင်းလုံမြို့တွင် ယမန်နေ့က အထက်ရပ်ကွက်နေ  အမျိုးသား(၃)ဦး အမျိုးသမီး(၂)ဦး၊ အလယ်ရပ်ကွက်နေ အမျိုးသမီး(၁)ဦးနှင့် လွယ်ခမ်းကျေးရွာနေ အမျိုးသမီး(၁)ဦးတို့က တိုက်နယ်ကျန်းမာရေးဌာနသို့ သွားရောက်ပြသရာ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆေးပြီး  ပိုးတွေ့သဖြင့် ပိုးတွေ့လူနာများကို Quarantine Centreတွင် သီးသန့်ထားရှိ၍  ဆေးကုသကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပိုးတွေ့လူနာနှင့်ထိစပ်သူများကို( Stay Home) ထားရှိမည်ဖြစ်ကြောင်း၊ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကလည်း မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်ပိုးတွေ့လူနာများကို နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့သည် ဇူလိုင်(၁၈)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ယနေ့အချိန်ထိ ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၇၇)ဦး အမျိုးသမီး(၉၉)ဦး စုစုပေါင်း (၁၇၆)ဦးရှိပြီး ၊ ကျန်းမာလာ၍ဆေးရုံမှဆင်းခွင့်ရသူ(၁၂၅)ဦးရှိကာ  ဆေးကုသမှုခံယူသူ (၄၈)ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကျောက်မဲဆေးရုံသို့ လွှဲပြောင်း ဆေးကုသခံယူသူ(၁)ဦးနှင့် သေဆုံးလူနာ(၂)ဦးရှိကြောင်းကို  တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။  

ဇော်ဇော်(ပြန်/ဆက်)