စဉ့်ကိုင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင် အသက်(၁၈)နှစ်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ (၅) ရက်နေ့အထိ (၇၅၅၀) ဦး ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် (၁၈) နှစ် အထက်နှင့် ကာကွယ်ဆေးတစ်ကြိမ်မှ ထိုးနှံဖူးခြင်းမရှိသေးသည့် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များ နှင့် ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ညိုညို၀င်း (စဉ့်ကိုင်)