မိုင်းခတ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်မှုများကို Hand Speaker ဖြင့် ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနတို့က မိုင်းခတ်မြို့၊အမှတ်(၁)ရပ်ကွက်၊ ကမ္မဌာန်းရပ်ကွက်တွင် မြန်မာနှင့်ရှမ်းတိုင်းရင်းသားဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကိုထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့မဖြစ်မနေ ထွက်ခွါပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံကြရန်၊နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်၂၀ကြာအောင် စနစ်တကျဆေးကြောရန်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်နှင့် အခြားသော ကျေးရွာများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဒေပြန်/ဆက်